ရုရှားလက်အောက် ချေချင်းညာခရိုင်၌ ဇန်နဝါရီကတည်းက ချုပ်နှောင်ခံထားရသည့် လူ့အခွင့်အရေးလှုပ်ရှားသူ အိုယက် တီတီယက်ဗ်သည် ဥရောပကောင်စီမှ ချီးမြှင့်နေသည့် နာမည်ကျော်လူ့အခွင့်အရေးဆုဖြစ်သည့် ဗက်ကလက် ဟာဗယ် လူ့အခွင့်အရေးဆုကို အောက်တိုဘာ ၈ ရက်တွင် ရရှိခဲ့သည်။
အိုယက် တီတီယက်ဗ်သည် ချေချင်းညာရှိ Memorial လူ့အခွင့်အရေးစင်တာ၏အကြီးအကဲဖြစ်သည်။ ဥရောပကောင်စီ၏လွှတ်တော်များဆိုင်ရာညီလာခံက တီတီယက်ဗ်ကို ဆုချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ Memorial ဘုတ်အဖွဲ့၏ဥက္ကဋ္ဌ က တီတီယက်ဗ်ကိုယ်စား ဆုကိုလက်ခံရယူခဲ့သည်။ တီတီယက်ဗ်သည် ရုရှား၌ သတ္တိအရှိဆုံး လူ့အခွင့်အရေးကာကွယ်သူဖြစ်ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကပြောဆိုခဲ့သည်။ တီတီယက်ဗ်ရှေ့က Memorial၏အကြီးအကဲအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် နာတာလီယာ အက်စ်တဲမီရီုဗာသည် ၂၀ဝ၉ ခုနှစ်တွင် ပြန်ပေးဆွဲခံရပြီးနောက် သတ်ဖြတ်ခံခဲ့ရသည်။
တီတီယက်ဗ်သည် Memorial လူ့အခွင့်အရေးစင်တာကို ဦးဆောင်ခဲ့သည်မှာ ကိုးနှစ်ရှိခဲ့ပြီဖြစ်ပြီး ချေချင်းညာရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ခဲ့သည့်အတွက် သတ်ဖြတ်မည်ဟု ခြိမ်းခြောက်မှုများနှင့် ကြုံခဲ့ရသည်။ တီတီယက်ဗ်နှင့် အဖွဲ့သည် နှိပ်စက်ညှဉ်းပန်းခံရသူများအား တွေ့ဆုံမေးမြန်းခြင်း၊ မတရားချုပ်နှောင်ခံထားရသူများကို တရားရေးအရ အကူအညီပေးခြင်းတို့ကိုပြုလုပ်ခဲ့သည်။
တီတီယက်ဗ်သည် ဆုကိုရရှိခဲ့သည့် ဆဌမမြောက်ပုဂ္ဂိုလ်ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် ယာဇီဒီအမျိုးသမီးများအရေး လှုပ်ရှားနေသည့် နာဒီယာ မာရတ်သည် အဆိုပါဆုကိုရရှိခဲ့သည်။ မာရတ်သည် ယခုနှစ် ငြိမ်းချမ်းရေးဆိုင်ရာနိုဘယ်လ်ဆုကို ပူးတွဲရရှိခဲ့သူတစ်ဦးဖြစ်သည်။

















