သုံးစွဲသူများ၏ ဒေတာအချက်အလက်များကို ဂူဂဲနှင့် သုံးစွဲသူအပြင် အခြားသူများကပါ ဝင်ရောက်ကြည့်ရှုနိုင်စေမည့် လုံခြုံရေး ကျိုးပေါက်မှုများ ရှိနေသည့်အတွက် ဂူဂဲလ်ပလက်စ် ဆိုရှယ်မီဒီယာ ဝန်ဆောင်မှုကို ဂူဂဲလ်က ယာယီ ပိတ်သိမ်းထားကြောင်း သိရသည်။
သုံးစွဲသူ ငါးသိန်းခန့်၏ ဒေတာ အချက်အလက်များကို တတိယပါတီအင်အားစုများက ယူငင်သုံးစွဲမည့် အန္တရာယ်ကြုံတွေ့ခဲ့ရကြောင်း ဂူဂဲလ်က ထုတ်ပြန်ပြောကြားသည်။
ဝေါစထရိဂျာနယ်က ဖော်ပြချက်အရ ဂူဂဲလ်သည် ဂူဂဲလ်ပလက်စ် သုံးစွဲသူဒေတာ ကျိုးပေါက်မည့်အန္တရာယ်ကို ယခုနှစ် မတ်လကလည်းက ကြိုတင်သိရှိခဲ့သော်လည်း ယခုတွင်မှ ဝန်ဆောင်မှုပိတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုထားသည်။ ဂူဂဲလ်ကမူ အလွန်အမင်း စိုးရိမ်ရန်မလိုသော ပြဿနာသာ ဖြစ်သောကြောင့် အများပြည်သူသို့ စောစီးစွာ အသိမပေးခဲ့ခြင်းသာဖြစ်သည်ဟု ဖြေရှင်းပြောကြားထားသည်။
ဂူဂဲလ်ရဲ့ ပုဂ္ဂိုလ်ရေး သတင်းအချက်အလက်နှင့် ဒေတာ လုံခြုံရေးဌာနသည် ယခုလို ဒေတာ လုံခြုံရေး ကျိုးပေါက်မည့် အခြေအနေကြောင့် တိုက်ရိုက်ထိခိုက်နိုင်ခြေရှိ မရှိ၊ သုံးစွဲသူများဘက်က တစ်စုံတစ်ရာ တုံ့ပြန်ဆောင်ရွက်ရန် လို မလိုတို့ကို သုံးသပ်ခဲ့ပြီး ထိုမျှထိ တုံ့ပြန်ဆောင်ရွက်ရန် မလိုဟု အဖြေထွက်လာသဖြင့် အများပြည်သူသို့ ထုတ်ပြန်အသိမပေးခဲ့ခြင်းသာဖြစ်ကြောင်း ဂူဂဲလ်က ဖြေရှင်းပြောကြားထားသည်။
ဂူဂဲလ်ပလက်စ် ဆိုရှယ်မီဒီယာကို ၂၀၁၁ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး ဖေ့စ်ဘွတ်ခ်ကိုယှဉ်ရန် ဂူဂဲလ်၏ မအောင်မြင်သော အားထုတ်မှုတစ်ရပ်အဖြစ် ရှုမြင်ခံရသည်။ နှစ်များစွာ အားထုတ်ခဲ့သည့်တိုင် သုံးစွဲသူ သိသိသာသာ တိုးတက်ခြင်းမရှိသဖြင့် ပိတ်သိမ်းတော့မည်လောဟု အများပြည်သူက သုံးသပ်မှုများ ရှိနေသော်လည်း ဂူဂဲလ်သည် ဂူဂဲလ်ပလက်စ်ကို ပုံမှန်သုံးစွဲသူများဘက် ပစ်မှတ်ထားနေခြင်းမှ စီးပွားလုပ်ငန်းသုံး ဆိုရှယ်မီဒီယာတစ်ခုဘက်သို့ ပစ်မှတ်ထား လုပ်ကိုင်လာကြောင်းလည်း တွေ့ရသည်။
စီးပွားလုပ်ငန်းများအတွက် သီးသန့် ဆိုရှယ်မီဒီယာကွန်ရက်အဖြစ် ဂူဂဲလ်ပလက်စ်က ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း ဂူဂဲလ်က ထုတ်ပြန်ထားသည်။
ဂူဂဲလ်ပလက်စ်ကို လူအများက မည်မျှအလေးပေး အသုံးပြုကြောင်းကို ဒေတာအချက်အလက်များ ထုတ်ပြန်ရန် ဂူဂဲလ်သည် ပြီးခဲ့သည့်နှစ်ပိုင်းများတောက်လျှောက်က ငြင်းဆန်နေခဲ့သော်လည်း ယခုလို ဒေတာပေါက်ကြားမည့် အန္တရာယ်ကြုံလာရမှုကြောင့် မဖြစ်မနေ ထုတ်ပြန်ခဲ့ရသည်ကိုလည်း တွေ့ရသည်။
အများသုံး ဂူဂဲလ်ပလက်စ် ဝန်ဆောင်မှုကို သုံးစွဲမှု နည်းနေသေးကြောင်း၊ သုံးစွဲသူ ၉၀ ရာခိုင်နှုန်းသည် ဂူဂဲလ်ပလက်စ်ကို ဝင်သုံးနှုန်းသည် ငါးစက္ကန့်အောက်သာရှိကြောင်း ဂူဂဲလ်က ထုတ်ပြန်ခဲ့သည်။

















