နည်းပညာသည် လူတန်းစား မညီမျှမှု ပိုကြီးထွားစေနိုင်ဟု ကုလသမဂ္ဂ အစီရင်ခံစာ ဖော်ပြ

နည်းပညာသည် လူတန်းစား မညီမျှမှု ပိုကြီးထွားစေနိုင်ဟု ကုလသမဂ္ဂ အစီရင်ခံစာ ဖော်ပြ

ကွန်ပျူတာဉာဏ်ရည်တု နည်းပညာမှသည် မျိုးဗီဇ  ပြုပြင်ပြောင်းလဲသည့် နည်းပညာများထိ တိုးတက်လာမှုများသည် ကမ္ဘာ့ လူသားများ၏ လူမှုဘဝအဆင့်အတန်းကို မြင့်မားစေနိုင်သည်မှန်သော်လည်း တစ်ချိန်တည်းတွင် လူတန်းစား မညီမျှမှုကိုလည်း ပိုဆိုးလာစေနိုင်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည့် အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားသည်။

၂၀၁၈ ခုနှစ် ကမ္ဘာ့ စီးပွားရေးနှင့် လူမှုဘဝစစ်တမ်းအမည်ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အလွန်အမင်း ဆင်းရဲနွမ်းပါးမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စီးပွားဖွံ့ဖြိုးရေးစသည့် ကုလသမဂ္ဂ၏ ၂၀၃၀ ပြည့်နှစ် ရည်မှန်းချက် စိန်ခေါ်မှုများကို နည်းပညာတိုးတက်မှုက ဖြေရှင်းပေးနိ်ုင်မည်လားဟူသော အချက်ကို အထူးပြုကာ စစ်တမ်းကောက်ယူ လေ့လာခဲ့ခြင်းဖြစ်သည်။
၂၀၃၀ ပြည့်နှစ် ရည်မှန်းချက်များ အကောင်အထည်ဖော်ရန်  ခေတ်သစ် နည်းပညာများဖြစ်သည့် မျိုးဗီဇပြုပြင်ခြင်းနည်းမှသည်  သရီးဒီပုံလောင်းနည်းပညာ၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍမှသည်  ဇီဝအလွယ်တကူပျက်ပြုန်းနိုင်သည့် ပလတ်စတစ်နည်းပညာ စသည်  စသည်တို့သည် အလွန်ကို အကျိုးပြုနိုင်ခြေရှိကြောင်း ကုလသမဂ္ဂ အထွေထွေ  အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း ပြောသည်။
ကမ္ဘာ့ လူသားများ ကျန်းမာရေးကောင်းခြင်း၊ အသက်ရှည်ခြင်း၊ ချမ်းသာကြွယ်ဝခြင်း၊  သဘာဝပတ်ဝန်းကျင်ကို မထိခိုက်သောနည်းဖြင့် ဖွံ့ဖြိုးတိုးတက်စေခြင်းနည်းများသည် လူသားတို့ လက်လှမ်းမီသည့် ဖွံ့ဖြိုးတိုးတက်မှု အနေအထားများ ဖြစ်လာသည်မှာ သတင်းကောင်းဖြစ်ကြောင်း၊ သို့သော် နည်းပညာသစ်များတွင်  စိုးရိမ်စရာများလည်း ရှိနေကြောင်းဖြင့် အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အစီရင်ခံစာ အဖွင့်အမှာစကားတွင်  ရေးသားထားသည်။
နိုင်ငံတကာ အစိုးရများအနေဖြင့် နည်းပညာသစ်များကပေးသည့် အသီးအပွင့်များကို လူတိုင်း ညီတူခံစားခွင့်ရှိအောင် အားထုတ်ကြရန်၊ နည်းပညာသစ်များကြောင့် လူတန်းစား မညီမျှမှုများ ပိုကြီးထွားလာခြင်းမျိုး မရှိရအောင် ထိန်းသိမ်းကြရန် မစ္စတာ ဂူတာရတ်က တိုက်တွန်းပြောကြားသည်။
ချမ်းသာသော နိုင်ငံများနှင့် ဆင်းရဲသော နိုင်ငံများအကြား နည်းပညာကွာဟချက်သည်လည်း ကြီးမားနေဆဲဖြစ်ကြောင်း မစ္စတာ ဂူတာရက်စ်က ဆက်လက်ပြောကြားသည်။ 
ချမ်းသာသော နိုင်ငံများတွင် ရောဂါတိုက်ဖျက်နိုင်သည့် ဆေးစွမ်းကောင်းများမှအစ လူသားနေရာကို စက်ရုပ်ဖြင့် အစားထိုး လုပ်ကိုင်နိုင်နေပြီဖြစ်သည့်တိုင် ဆင်းရဲသော နိုင်ငံများတွင်ကား လူသားနှင့် တိရစ္ဆာန်များ၏ ကြွက်သား အင်အားကိုသာ အားကိုးနေရဆဲဖြစ်ကြောင်းလည်း မစ္စတာ ဂူတာရက်စ်က ပြောသည်။
ကုလသမဂ္ဂ စာရင်းများအရ ကမ္ဘာ့ လူသား သန်းတစ်ထောင်ခန့်သည် လျှပ်စစ်ဓာတ်အား မရကြသေးသလို၊ သန်း ၂၅၀ဝ ခန့်သည်လည်း ဖုန်းလိုင်းဆက်သွယ်ရေးမကောင်း၊ ဓာတ်အား ပုံမှန်မရသည့် နေရာများတွင် နေထိုင်နေရဆဲဖြစ်ကြောင်း အစီရင်ခံစာက ဖော်ပြသည်။
စာမျက်နှာ ၁၇၅  မျက်နှာပါသော အစီရင်ခံစာက ကမ္ဘာ့ လူသား သန်းပေါင်းများစွာသည် အခြေခံပညာရေး ရပိုင်ခွင့်ကိုပင် ပြည့်မီအောင် မရကြသေးကြောင်း၊ ထိုအချက် ချို့တဲ့နေခြင်းသည် ကုလသမဂ္ဂ၏ ၂၀၃၀ ပြည့်နှစ် ရည်မှန်းချက်များ အောင်မြင်စေရန်အတွက် အကြီးဆုံး အခက်အခဲတစ်ခုဖြစ်ကြောင်းလည်း  ဖော်ပြထားသည်။
အစီရင်ခံစာကို ကုလသမဂ္ဂ စီးပွားရေးနှင့်လူမှုဘဝဌာနက ပြုလုပ်ထားခြင်းဖြစ်သည်။ ခေတ်သစ်နည်းပညာများသည် လူမှုဘဝကို ပိုမိုပြည့်စုံအောင် ကူညီပေးနိုင်သည်မှန်သော်လည်း အလွန်အမင်း ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး၊ ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေး၊ လူတန်းစား မညီမျှမှု  တိုက်ဖျက်ရေး၊ လူတိုင်းအခွင့်အရေး တန်းတူရရှိရေး၊  ရာသီဥတုပြောင်းလဲမှုဒဏ်  ခံနိုင်ရည်ရှိရေး စသည့်အချက်များကို ပြီးပြည့်စုံစေလိမ့်မည်ဟု အာမခံနိုင်မှုများ မရှိသေးကြောင်းလည်း အစီရင်ခံစာက ဖော်ပြသည်။