ယနေ့ယှဉ်ပြိုင်မည့် အင်ဒိုနီးရှားနှင့်ပွဲမှာ ခြေစမ်းပွဲဖြစ်သော်လည်း အကောင်းဆုံးယှဉ်ပြိုင်မည်ဖြစ်ပြီး ဆူဇူကီးဖလားပြိုင်ပွဲတွင် အင်ဒိုနီးရှားအသင်းနှင့် ထပ်မံဆုံတွေ့လိုကြောင်း မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးလ်က ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။
မျှော်လင့်ထား
ဆူဇူကီးပြိုင်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် အင်ဒိုနီးရှားနှင့် မြန်မာအသင်းတို့သည် အောက်တိုဘာ ၁၀ရက်(ယနေ့) မြန်မာစံတော်ချိန် ညနေ၆နာရီတွင် ဆီကာရမ်မြို့ရှိ ဝီဘာဝမူကစ်ကွင်း၌ ခြေစမ်းမည်ဖြစ်ရာ အောက်တိုဘာ၉ရက်က မြန်မာအသင်းတည်းခိုရာ ဟိုတယ်၌ ပွဲကြိုသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ မြန်မာအသင်းသည် ဆူဇူကီးပြိုင်ပွဲအုပ်စုတွင်း၌ ဗီယက်နမ်၊မလေးရှား၊ကမ္ဘောဒီးယား၊ လာအိုအသင်းတို့နှင့်အတူကျရောက်နေပြီး တက်ဖက်အုပ်စုမှ အင်ဒိုနီးရှားအသင်းနှင့် ဆီမီးဖိုင်နယ် သို့မဟုတ် ဗိုလ်လုပွဲတွင် ဆုံတွေ့ရန် မျှော်လင့်ထားသည်။
အကောင်းဆုံးကစားမည်
သတင်းစာရှင်းလင်းပွဲ၌ အန်တွမ်နီဟေးလ်က မြန်မာအသင်းတွင် နယူးဇီလန်ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ခဲ့သည့် ကစားသမားများ၊ အာရှ အားကစား ပြိုင်ပွဲတွင် ခြေစွမ်းပြခဲ့သည့် လူငယ်များအပြင် စီနီယာ ကစားသမားများကိုလည်း ပေါင်းစပ် ဖွဲ့စည်းထားကြောင်း၊ ယခုပွဲမှာ ခြေစမ်းပွဲဖြစ်သော်လည်း အကောင်းဆုံး ကစားမည်ဖြစ်ကြောင်းနှင့် ဆူဇူကီးဖလားပြိုင်ပွဲတွင် အင်ဒိုနီးရှားအသင်းနှင့် ဆီမီးသို့မဟုတ် ဗိုလ်လုပွဲတွင် ပြန်တွေ့မည်ဟု မျှော်လင့်ပါကြောင်း ပြောဆိုခဲ့သည်။
မြန်မာအသင်းသည် ယနေ့ကစားမည့် ခြေစမ်းပွဲတွင် ဂျာစီအဖြူရောင်ကို ဝတ်ဆင်ကစားမည်ဖြစ်ပြီး အိမ်ရှင် အင်ဒိုနီးရှားအသင်းမှာ ဂျာစီအနီရောင်ကို ဝတ်ဆင်မည်ဖြစ်သည်။ ခြေစမ်းပွဲကို အင်ဒိုနီးရှားရုပ်သံလိုင်း RCTI နှင့် www.pssi.org တွင် တိုက်ရိုက် ကြည့်ရှုနိုင်ကြောင်း သိရသည်။















