မောင်တောမြို့နယ်တွင် ကျပ်သန်း၂၃၄၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများကို သက်ဆိုင်ရာက အောက်တိုဘာလ ၈ ရက်နေ့ တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါနေ့ ညနေ ၄ နာရီ ၁၅ မိနစ် အချိန်တွင်မောင်တောမြို့နယ်၊ မြို့ဦးကျေး ရွာအုပ်စု၊ လက်သာ ကျေးရွာနေ ရော်ဖီး (၂၅ နှစ်)၏ နေအိမ်တွင် ရော်ဖီး(ခ)ရော်ဖီးအူလာ (၄၀ နှစ်) ဆိုသူမှ မူးယစ်ဆေးဝါးအိတ်များ သိုဝှက်ထားကြောင်း သတင်းအရ မူးယစ်တပ်ဖွဲ့စု(၄၆) မှတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း အဖွဲ့က စစ်ဆေးခဲ့သည်။
အဆိုပါနေအိမ်တွင် အိမ်ရှင်ရော်ဖီးမှာမရှိဘဲ သော့ခတ်ထားသဖြင့် သော့ဖျက်ဝင်ရောက် ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်း အဝါရောင်ဆာလာအိတ် ၆ လုံးဖြင့်ထည့်ထားသည့် WY ပန်းရောင် စိတ်ကြွဆေးပြား ၁၁၇၀ဝ၀ဝ ပြား ကျပ်သန်းပေါင်း ၂၃၄၀ ဖိုးခန့်တို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့သည်။
ထိုသို့ ရှာဖွေသိမ်းဆည်းမှုနှင့်အတူ အိမ်ရှင် ရော်ဖီး(၂၅ နှစ်)နှင့် ရော်ဖီး(ခ)ရော်ဖီးအူလာ(၄၀ နှစ်) တို့မှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။
မောင်တောမြို့မရဲစခန်းက မယ(ပ)၃၃/၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၂၁ အရ အမှုဖွင့်အရေးယူထားပြီး ဆက်လက်စုံစမ်းလျက်ရှိသည်။

















