ဦးခေါင်းနှင့် ခြေတစ်ဖက်မပါ မွေးကင်းစကလေး အလောင်း ရေမြောင်း၌ တွေ့ရှိ
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်တွင် ဦးခေါင်းနှင့်ခြေတစ်ဖက်မပါရှိသည့် မွေးကင်း စကလေးငယ်အလောင်း ရေမြောင်းအတွင်းစွန့်ပစ်ခံရမှု ယနေ့ အောက်တိုဘာ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါနေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် အောင်မြေသာစံမြို့နယ် ၆၆ လမ်းနှင့်လမ်း ၂၀ ကျုံးအနီး ရေနီမြောင်းအတွင်း ဦးခေါင်းနှင့်ခြေထောက်တစ်ဖက်မပါသည့် ကလေးငယ်အလောင်းတွေ့ရှိကြောင်းသတင်းအရ နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့က ယာယီ ဆယ်ယူခဲ့သည်။
အဆိုပါကလေးငယ်၏အလောင်းကို ခန္တီမေတ္တာနာရေးကူညီရေးယာဉ်ဖြင့် မန္တလေးဆေးရုံသို့ပို့ ဆောင်ခဲ့ရာ ဆေးရုံက ပီအာရ် ၁၅ ဖြင့်လက်ခံထားရှိပြီး သက်ဆိုင်ရာက သေမှုသေခင်းဖွင့်လှစ် ဆောင်ရွက် ရန်စီစဉ်ထားကြောင်းအောင်မြေသာစံမြို့နယ်ရဲတပ်ဖွဲ့မှသိရသည်။
















