အစိုးရကချုပ်နှောင်ထားသည့် လွှတ်တော်အမတ် သေဆုံးမှု တရားမျှတမှုရရှိရေး ဗင်နီဇွဲလားပြည်သူများ တောင်းဆိုဆန္ဒပြ

အစိုးရကချုပ်နှောင်ထားသည့် လွှတ်တော်အမတ် သေဆုံးမှု တရားမျှတမှုရရှိရေး ဗင်နီဇွဲလားပြည်သူများ တောင်းဆိုဆန္ဒပြ

ဗင်နီဇွဲလား၌ အတိုက်အခံလွှတ်တော်အမတ်တစ်ဦး ချုပ်နှောင်ခံထားရစဉ်အတွင်း သေဆုံးခဲ့ပြီးနောက် မြို့တော် ကာရာကက်စ်၌ နိုင်ငံသားများစွာ ချီတက်ဆန္ဒပြခဲ့ပြီး ဆန္ဒပြသူများက အစိုးရသည် လွှတ်တော်အမတ်ကို နှုတ်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲခဲ့သည်။

လွှတ်တော်အမတ် ဖာနန်ဒို အယ်လ်ဘန်ကို ချုပ်နှောင်ထားသည့် ဆဲဘင် ထောက်လှမ်းရေးဌာနရုံးချုပ်ရှေ့တွင် လူများစွာစုဝေးပြီး တရားမျှတမှုတောင်းဆိုခဲ့ကြသည်။ အယ်လ်ဘန်သည် အဆောက်အအုံ ၁၀ ထပ်မှ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့ခြင်းသာဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။ သြဂုတ်တွင် သမ္မတနီကိုလပ်စ် မာဒူရိုအား မောင်းသူမဲ့လေယာဉ်သုံးပြီး လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုနှင့်ဆက်စပ်၍ အယ်လ်ဘန်ကို ချုပ်နှောင်ထားခြင်းဖြစ်သည်။ မာဒူရိုက စစ်ဘက်ဆိုင်ရာအခမ်းအနားတစ်ခု၌ စကားပြောဆိုနေချိန်တွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စစ်သားခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။
    အာဏာပိုင်များက ဗင်နီဇွဲလားအတိုက်အခံများနှင့် ကိုလံဘီယာအစိုးရတို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။ လွှတ်တော်အမတ်သည် သန့်စင်ခန်းသို့သွားလိုကြောင်း ပြောဆိုခဲ့ပြီး ယင်းနောက် အထပ် ၁၀ ထပ်မှ ခုန်ချခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေချုပ် တာရက် ဆာယက်က သတင်းမီဒီယာများကိုပြောဆိုခဲ့သည်။
    တစ်ချိန်တည်းမှာပင် ပြည်ထဲရေးဝန်ကြီး နက်စ်တာ လူဝီ ရယ်ဗာရိုက သေဆုံးရသည့် အကြောင်းအရင်းကို ကွဲပြားစွာပြောဆိုခဲ့သည်။ တရားရုံးသို့ ပို့ဆောင်ခါနီး ဆဲဘင်ဧည့်ခန်းထဲတွင် စောင့်ဆိ်ုင်းနေစဉ်တွင် အယ်လ်ဘင်သည် အဆောက်အအုံပြတင်းပေါက်မှ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ခြင်းဖြစ်ကြောင်း ရယ်ဗာရိုက ပြောဆိုခဲ့သည်။
    လွှတ်တော်အမတ်များအား ပြည်ပအားကိုးဖြင့် နိုင်ငံတွင်း တည်ငြိမ်မှုပျက်အောင် လုပ်မှုများဖြင့် စုံစမ်းစစ်ဆေးနေခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုခဲ့သည်။ အယ်လ်ဘန်သည် အတိုက်အခံ ပထမတရားရေးပါတီမှဖြစ်ပြီး ကာရာကက်စ်စည်ပင်သာယာကောင်စီဝင်တစ်ဦးလည်းဖြစ်သည်။
    နီကိုလပ်စ် မာဒူရိုအစိုးရ၏လက်ထဲတွင် ပါတီဝင်တစ်ဦး အသတ်ခံခဲ့ရကြောင်း ပထမတရားရေးပါတီက ထုတ်ပြန်ခဲ့သည်။ ဖာနန်ဒိုကို သိသူတိုင်းက ၎င်းသည် ကိုယ့်ကိုယ်ကိုယ်သတ်သေမည်မဟုတ်ကြောင်းကို သိထားခဲ့သည်ဟု ပါတီဝင်တစ်ဦးဖြစ်သလို သမ္မတကိုယ်စားလှယ်လောင်းအဖြစ်လည်း ရွေးကောက်ပွဲဝင်ဖူးခဲ့သည့် အန်ရီးကာ ကာပရီးလာစ်က ပြောဆိုခဲ့သည်။