ကမ္ဘာ့မီဒီယာများကို ဆွဲဆောင်ခဲ့သည့် ထိုင်းနိုင်ငံ၌ ရေလွှမ်းဂူတစ်ခုအတွင်း ရက်ရှည်ပိတ်မိနေခဲ့ရာမှ နိုင်ငံတကာနှင့် ထိုင်းတို့ပူးပေါင်းကယ်ဆယ်ခဲ့ရသည့် တောဝက်ရိုင်းလေးများ အမည်ရှိ ထိုင်းလူငယ်ဘောလုံးအသင်းသည် အာဂျင်တီးနားသို့ ရောက်ရှိနေပြီး ရစ်ဗားပလိတ်လူငယ်အသင်းနှင့် အောက်တိုဘာ ၇ ရက်က ချစ်ကြည်ရေးဘောလုံးပွဲ ယှဉ်ပြိုင်ခဲ့သည်။
အသက် ၁၁ နှစ်မှ ၁၆ နှစ်အကြား ထိုင်းလူငယ် ၁၂ ဦးတို့သည် ၄င်းတို့နှင့်အတူ(ပြီးခဲ့သည့်ဇွန်လက) ဂူတွင်း ပိတ်မိခဲ့သည့်နည်းပြနှင့်အတူ နိုင်ငံတကာအိုလံပစ်ကော်မတီ(အိုင်အိုစီ)၏ ဖိတ်ကြားချက်အရ လူငယ်အိုလံပစ်အားကစားပွဲ တက်ရောက်ရန် အာဂျင်တီးနားသို့ အောက်တိုဘာ ၅ ရက်ကတည်းက ရောက်ရှိခဲ့သည်။
ချစ်ကြည်ရေးပွဲမကစားမီ နိုင်ငံတကာ အိုလံပစ်ကော်မတီဥက္ကဌ သောမတ်စ်ဘက်ချ်က ထိုင်းလူငယ်လေးများသည် ရဲရင့်ပြီး အားကစားတန်ဖိုးအရေးကြီးပုံကို မိမိတို့အားလုံးအား ပြသခဲ့ကြောင်း ပြောလိုက်ချိန်တွင် ပရိသတ်က သောင်းသောင်းဖြဖြ သြဘာပေးခဲ့ကြသည်။
၁၉၇၈ ကမ္ဘာ့ဖလားဖိုင်နယ်ပွဲကျင်းပခဲ့သည့် ဗျူနိုအေရီ့စ်မှ ဧရာမအားကစားကွင်းထဲတွင် တောဝက်ရိုင်းနှင့် ရစ်ဗားပလိတ်လူငယ်အသင်း(၁၃ နှစ်အောက်)ဖြင့် ချစ်ကြည်ရေးပွဲကစားစဉ် တစ်ဘက်သုံးဂိုးစီဖြင့် သရေကျခဲ့သည်။
နိုင်ငံတကာအဆင့်ဘောလုံးအားကစားသမားဖြစ်လိုသည့် တောဝက်ရိုင်းလေးများ၏အိပ်မက်ဖြစ်မြောက်ရန် အတော်အတန်လမ်းပေါက်လာပြီဟု ဆိုနိုင်သည်။
အာဂျင်တီးနားနိုင်ငံတွင် အောက်တိုဘာ ၆ ရက်မှ ၁၈ ရက်အထိ ကျင်းပမည့် လူငယ်အိုလံပစ်အားကစားပြိုင်ပွဲသို့
နိုင်ငံတကာမှ အသက် ၁၅ နှစ်မှ ၁၈ နှစ်အကြား အားကစားသမား ၄၀ဝ၀ နီးပါး ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

















