ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာအာဘေး ဆွေးနွေးမှုတွင် ဂျပန်က မြန်မာကို ယန်း ဘီလျံ ၈၀ဝ ကူညီရေး ပါဝင်ဖွယ်ရှိ

ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာအာဘေး ဆွေးနွေးမှုတွင် ဂျပန်က မြန်မာကို ယန်း ဘီလျံ ၈၀ဝ ကူညီရေး ပါဝင်ဖွယ်ရှိ

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့သည် တိုကျိုမြို့၌ အောက်တိုဘာ ၉ ရက်က တွေ့ဆုံ၍ စတင်ဆွေးနွေးခဲ့ရာ ယင်းဆွေးနွေးမှုတွင် ဂျပန်က မြန်မာသို့ ယန်း ဘီလျံ ၈၀ဝ(အမေရိကန်ဒေါ်လာ ၇ ဘီလျံ) မည်သို့မည်ပုံ ထောက်ပံ့မည်ကို ထည့်သွင်းပြောဆိုရန်လည်း မျှော်လင့်ကြောင်း ကျိုဒိုသတင်းတွင် ဖော်ပြခဲ့သည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်ရောက် ဘင်္ဂါလီ(မူရင်းသုံး ရိုဟင်ဂျာ)များ ပြန်လည်လက်ခံရေး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရန်ကိုလည်း အတည်ပြုကြလိမ့်မည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွန်းအားပေးရန် လုံ့လထုတ်မှု၊ တည်ငြိမ်မှုမြှင့်တင်ခြင်းနှင့် ရခိုင်ပြည်နယ်အရေး ဆောင်ရွက်မှုတို့ကို မိမိသည် မြင့်မြင့်မားမားတန်ဖိုးထားကြောင်း မစ္စတာအာဘေးက ပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ယင်းအားထုတ်မှုများ ရေရှည်တည်တံ့ရန် လိုအပ်ကြောင်းပြောဆိုခဲ့ပြီး မစ္စတာအာဘေးအား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့သည်။

ခေါင်းဆောင်နှစ်ဦးတို့သည် ရာစုနှစ်ဝက်အတွင်း ပထမဆုံး ဒီမိုကရေစီနည်းကျရွေးကောက်ခံ မြန်မာအစိုးရသို့ ဂျပန်က ယန်း ဘီလျံ ၈၀ဝ(အမေရိကန်ဒေါ်လာ ၇ ဘီလျံ) မည်သို့မည်ပုံထောက်ပံ့မည်ကို ဆွေးနွေးကြရန် မျှော်လင့်ရသည်။

ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီ(မူရင်းသုံး ရိုဟင်ဂျာ)များ ရက်ရက်စက်စက်အကြမ်းဖက်ခံခဲ့ရကြောင်း စွပ်စွဲချက်များကို စူးစမ်းရန် ဖိလစ်ပိုင်နှင့် ဂျပန်သံတမန်ဟောင်းများပါဝင်သည့် ကော်မရှင်တစ်ရပ်ကို မြန်မာအစိုးရက ဖွဲ့စည်းပေးခဲ့ကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။