ဘိုဂိုတာရှိ နာမည်ကျော် ရင်ပြင်၌ ခိုများအား အစာမကျွေးရန် နိုင်ငံခြားသားခရီးသွားများကို ကိုလံဘီယာအစိုးရတိုက်တွန်း

ဘိုဂိုတာရှိ နာမည်ကျော် ရင်ပြင်၌ ခိုများအား အစာမကျွေးရန် နိုင်ငံခြားသားခရီးသွားများကို ကိုလံဘီယာအစိုးရတိုက်တွန်း

ကိုလံဘီယာနိုင်ငံ မြို့တော် ဘိုဂိုတာရှိ နာမည်ကျော် ပလာဇာဘိုလီဗာရင်ပြင်ရှိ ခိုများကို အစာကျွေးခြင်းမပြုရန် နိုင်ငံခြားသားခရီးသွားများအား ကိုလံဘီယာအစိုးရအရာရှိများက တိုက်တွန်းလိုက်ပြီဖြစ်သည်။

ခိုများအား အစာကျွေးခြင်းသည် လူများအတွက်သာမက ခိုများအတွက်လည်း မကောင်းကြောင်း ဇီဝဗေဒပညာရှင် မော်ရီလျှို ကာနိုကပြောဆိုခဲ့သည်။ ဗြိတိန်နိုင်ငံမြို့တော် လန်ဒန်၌ ရထားဘူတာရုံများသို့ ခိုများမလာရောက်စေရန် သိမ်းငှက်ရုပ်ကြီးများဖြင့် ခြောက်လှန့်ထားခဲ့ပြီး ပြင်သစ်နိုင်ငံ ပါရီ၌ ခိုကောင်ရေကျဆင်းသွားစေရန်အတွက် သားကြောဖြတ်သည့်နည်းလမ်းများကို အသုံးပြုခဲ့သည်။ ကိုလံဘီယာအစိုးရကမူ ခိုများကိုအစာမကျွေးရန် အများပြည်သူကို ပညာပေးတိုက်တွန်းသည့် နည်းလမ်းကို ကျင့်သုံးနေသည်။
    ခိုများအား အစာကျွေးမှုကိုရပ်ဆိုင်းလိုက်ခြင်းဖြင့် အများပြည်သူဆိ်ုင်ရာနေရာများတွင် ခိုများစုဝေးမှု နည်းပါးသွားနိုင်ကြောင်း အစိုးရအရာရှိများက ယူဆကြသည်။ ခိုချေးများကြောင့် သမိုင်းဝင်အဆောက်အအုံများထိခိုက်မှုရှိခဲ့ပြီး အများပြည်သူ၏ကျန်းမာရေးအတွက် အန္တရာယ်ရှိနေသည်။ 
    ခိုများ မျိုးသုဉ်းသွားရေးလုပ်ဆောင်မည်မဟုတ်သော်လည်း ခိ်ုများ ၎င်းတို့၏သဘာဝအတိုင်းကျက်စားရာနေရာများသို့ ပြန်သွားရေးအတွက် လူများကို အကူအညီတောင်းရခြင်းဖြစ်ကြောင်း ဘိုဂိုတာရှိ တိရစ္ဆာန်စောင့်ရှောက်ရေးဌာန၏ဒါရိုက်တာ ကလာရာ ဆန်ဒိုဗယ်က ပြောဆိုခဲ့သည်။
    ရင်ပြင်သို့ နိုင်ငံခြားသားခရီးသွားများစွာလာရောက်တတ်သည့် ရုံးပိတ်ရက်များတွင် မြို့တွင်းရှိ ခိုကောင်ရေသည် နှစ်ဆတိုးလာပြီး ၃၄၀ဝ ကောင်အထိ ရှိလာခဲ့ကြောင်း မြို့ရှိ ဇီဝဗေဒပညာရှင်များက လေ့လာတွေ့ရှိခဲ့သည်။ ရင်ပြင်ရှိ တစ်စတုရန်းမီတာလျှင် ခို ၃၃ ခန့်ကိုတွေ့လာတတ်ကြောင်း ကာနိုကပြောဆိုခဲ့သည်။ သို့သော်  ခိုများအား အစာမကျွေးရန် လူများကို တိုက်တွန်းမှုတွင် ပြဿနာများလည်းရှိနေပြန်သည်။
    ဘိုလီဗာရင်ပြင်၌ ခိုများအား ပြောင်းဖူးများကျွေးပြီး ဓာတ်ပုံရိုက်ခြင်းမှာ ဆယ်စုနှစ်များစွာကြာ ဓလေ့တစ်ခုပင်ဖြစ်နေပြီဖြစ်သည်။ ခိုစာတစ်အိတ်လျှင် တစ်ဒေါ်လာနှုန်းဖြင့် ရောင်းချနေသည့် လမ်းဘေးဈေးသည်များ၏ စားဝတ်နေရေးလည်း ထိခိုက်လာနိုင်ခြေရှိနေသည်။ ၂၅ နှစ်တာကာလအတွင်း ခိုစာရောင်းသည့်အလုပ်ဖြင့် ကလေးလေးယောက်ကို ပြုစုပျိုးထောင်ခဲ့ခြင်းဖြစ်ကြောင်း ၊ ခိုများ ရင်ပြင်တွင်ရှိနေသည်မှာ နှစ်များစွာကြာမြင့်ခဲ့ပြီဖြစ်ပြီး အခုမှသာ ရုတ်တရက်ဆိုသလိုပင် ခိုများကို ညစ်ပတ်သည်ဟု ပြောလာခဲ့ခြင်းဖြစ်ကြောင်း လစ်လီ ပေါ်တီလာကပြောဆိုခဲ့သည်။ 
    ပေါ်တီလာကဲ့သို့ ခိုစာရောင်းသူများအား အများပြည်သူဆိုင်ရာအဆောက်အအုံများတွင် ဆိုင်ခန်းငယ်များဖွင့်ခွင့်ပေးပြီး ရုံးဝန်ထမ်းများကို အစားအစာများရောင်းချရန် အစိုးရအရာရှိများကတိုက်တွန်းနေသည်။ ထို့ပြင် ခိုစာရောင်းသူများ၏သားသမီးများ မိဘများ၏လက်လုပ်လက်ရင်းကို ဆက်လက်လုပ်ကိုင်ခြင်းမရှိစေရန် အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးရန် စီစဉ်နေသည်။