ဆော်ဒီကောင်စစ်ဝန်ရုံး၌ ပျောက်ဆုံးခဲ့သည့်ဂျာနယ်လစ်အရေး ကူညီပေးရန် သမ္မတထရမ့်နှင့်ဇနီးကို ပန်ကြား

ဆော်ဒီကောင်စစ်ဝန်ရုံး၌ ပျောက်ဆုံးခဲ့သည့်ဂျာနယ်လစ်အရေး ကူညီပေးရန် သမ္မတထရမ့်နှင့်ဇနီးကို ပန်ကြား

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီအာရေဗျကောင်စစ်ဝန်ရုံးအတွင်းသို့ စာရွက်စာတမ်းကိစ္စဖြင့် ဝင်ရောက်သွားရာမှ ပျောက်ဆုံးခဲ့သည့် ဝါရှင်တန်ပို့စ်ဆောင်းပါးရှင် ဆော်ဒီဂျာနယ်လစ်အရေး ကူညီပေးရန် ၄င်း၏ချစ်သူ တူရကီအမျိုးသမီးက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့်ဇနီး မယ်လင်နီယာထရမ့်တို့ကို မေတ္တာရပ်ခံလိုက်သည်။

လွန်ခဲ့သည့်တစ်ပတ်က ဂျာနယ်လစ် ဂျမဲလ်ခါရှောဂီသည် ချစ်သူ ဟာ့တစီ ဆန်းဂီဇ်နှင့်အတူ ၄င်းတို့လက်ထပ်ရေး စာရွက်စာတမ်းလိုအပ်ချက်ဆောင်ရွက်ရန် ကောင်စစ်ဝန်ရုံးတွင်းဝင်ရောက်ပြီးနောက် ပျောက်ကွယ်ခဲ့ခြင်းဖြစ်သည်။ ကောင်စစ်ရုံးအပြင်ဘက်တွင် ကျန်ရစ်ခဲ့ပြီး ချစ်သူကိုတွေ့ခွင့်မရတော့သည့် ဆန်းဂီဇ်အရေး ရှင်းရှင်းလင်းလင်းသိခွင့်ရရန် သမ္မတထရမ့်နှင့်ဇနီးတို့က ကူညီပါရန် အနူးအညွတ်မေတ္တာရပ်ခံကြောင်း၊ စာရေးသားပေးပို့ခဲ့ပြီး ဘုရင်ဆဲလ်မန်၊ အိမ်ရှေ့စံ မိုဟာမက် ဘင်ဆဲလ်မန်အမှူးပြုသည့် ဆော်ဒီအာဏာပိုင်တို့ကိုလည်း ကောင်စစ်ဝန်ရုံးတွင်းမှ ပုံရိပ်များကို ကန့်သတ်ချက်ဖြင့် ပြသပေးရန် တိုက်တွန်းခဲ့သည်။
    ခါရှောဂီသည် ကောင်စစ်ဝန်ရုံးအတွင်း အသတ်ခံခဲ့ရဖွယ်ရှိသည်ကို တူရကီတို့ကစိုးရိမ်နေပြီး ဆော်ဒီတို့ကမူ အခြေအမြစ်မဲ့စွပ်စွဲချက်သာဖြစ်ကြောင်း၊ ခါရှောဂီသည် ရုံးထဲမှပြန်လည်ထွက်ခွာသွားခဲ့ကြောင်း ပြောဆိုခဲ့သည်။ တူရကီတို့က သံတမန် ကင်းလွတ်ခွင့်အခွင့်အရေးရှိသည့် ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း ဝင်ရောက်ရှာဖွေလိုပြီး ဆော်ဒီ အာဏာပိုင်တို့အပေါ် နိုင်ငံတကာဖိအားများ သက်ရောက်လျက်ရှိသည်။
    အောက်တိုဘာ ၂ ရက်က ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း ခါရှောဂီဝင်ရောက်သွားပုံကို ကပ်လျက် အဆောက်အအုံတစ်ခု၏ စီစီတီဗွီပုံရိပ်မှ မြင်ရသော်လည်း ပြန်လည်ထွက်ခွာခဲ့မှုကို မတွေ့ရချေ။ ဆော်ဒီ အိမ်ရှေ့စံ မိုဟာမက် ဘင်ဆဲလ်မန်၏ အာဏာတိုးမြှင့်ရယူမှုများအကြောင်း ဝေဖန်ရေးသားခဲ့သည့် ခါရှောဂီသည် အမေရိကန်သို့ လွန်ခဲ့သည့်နှစ်က ရောက်ရှိခဲ့ပြီး မိမိကိုယ်မိမိ ပြည်ပြေးအဖြစ်ကြေညာခဲ့သည် ။ ၄င်းသည် အမေရိကန်နိုင်ငံသားဖြစ်မြောက်ရေး ကြိုးပမ်းနေသူဖြစ်ကြောင်းလည်း သမ္မတထရမ့်ထံရေးသားသည့် ဆန်းဂီဇ်၏စာတွင် ဖော်ပြခဲ့သည်။