ဂွာတီမာလာနိုင်ငံတွင် ဒုတိယသမ္မတဟောင်း ရိုဆာနာဘယ်ဒတ်တီသည် နိုင်ငံအတွင်းရှိရေကန်ကြီးသန့်ရှင်းရေးစီမံကိန်းတွင် ဒေါ်လာသန်းချီအလွဲသုံးစားလုပ်မှုဖြင့် ထောင်ဒဏ် ၁၅ နှစ် ၆ လ ချမှတ်ခံလိုက်ရကြောင်း သိရသည်။
မာတီလန် ရေကန်ကြီးရေထုညစ်ညမ်းနေမှုကို သန့်ရှင်းရေးလုပ်ရန်အတွက် ထူထောင်ထားသည့် နိုင်ငံပိုင်ရန်ပုံငွေထဲမှ ဒေါ်လာသန်းချီကိုယ်ကျိုးအသုံးပြုခဲ့ခြင်းဖြစ်သည်ဟု တရားရုံးစီရင်ချက်တွင် ဖော်ပြထားသည်။ ရေထုသန့်ရှင်းရေးဆောင်ရွက်ရာတွင် သုံးခဲ့သောဓာတုပစ္စည်းများသည် သမားရိုးကျ ရေ၊ ဆားနှင့် ကလိုရင်းတို့သာဖြစ်ပြီး တန်ကြေးကိုအဆများစွာ ပိုတင်တောင်းခဲ့ကြောင်း သိရသည်။
ရေကန် သန့်ရှင်းရေးစီမံကိန်းအတွက် အစ္စရေးကုမ္ပဏီတစ်ခုကို ဒေါ်လာ ၁၈ သန်းပေးကာငှားရမ်းရန် မစ္စ ဘယ်ဒတ်တီကခွင့်ပြုခဲ့ခြင်းဖြစ်သည်။ လုပ်ငန်းကို ကြားခံချိတ်ဆက်ပေးသူမှာမစ္စ ဘယ်ဒတ်တီ၏ အစ်ကိုဖြစ်သူမော်ရီယိုဖြစ်ပြီးအစိုးရရာထူးလက်ကိုင်ရှိသူမဟုတ်ကြောင်းလည်းသိရသည်။ မော်ရီယိုကိုလည်းထောင်ဒဏ် ၁၃ နှစ် ချမှတ်လိုက်သည်။
မစ္စ ဘဘ်ဒတ်တီသည် နိုင်ငံပိုင် ရန်ပုံငွေများကိုမလျော်ကန်သောနည်းဖြင့် ရယူခဲ့ကြောင်း တရားသူကြီးပတ်ဘလိုဆီတူမူက စီရင်ချက်ချရာတွင် ဖတ်ကြားခဲ့သည်။ ယခုစီရင်ချက်ကိုဂွာတီမာလာ နိုင်ငံသားအများစုကထောက်ခံခဲ့ကြပြီး၊ နိုင်ငံအတွင်းလူချမ်းသာများ၊ အစိုးရလူကြီးများနှင့် နီးစပ်သူများကလုပ်ငန်းများတွင် ကြီးစိုးချယ်လှယ်နေခြင်းကိုတန်ပြန်လိုက်နိုင်သည့် စီရင်ချက်အဖြစ်လည်း ကြိုဆိုခဲ့ကြသည်။
ရေကန် သန့်ရှင်းရေးစီမံကိန်းနှင့် ဆက်စပ်နေသောအစ္စရေးစီးပွားလုပ်ငန်းရှင် ယူရီ ရိုင်မန်နှင့် ဂွာတီမာလာအစိုးရအရာရှိအများအပြားကိုလည်း ထောင်ဒဏ်များချမှတ်ခဲ့ကြောင်း သိရသည်။

















