၂၀၂၀ တိုကျိုအိုလံပစ်အတွက် အသုံးစရိတ်များကို လျှော့ချလိုက်ပြီဟု ပြောဆိုမှုများရှိခဲ့သော်လည်း အိုလံပစ်အတွက် ကျန်ကျစရိတ်များမှာ တိုးလို့သာနေကြောင်း လေ့လာမှုတစ်ခုအရ သိရသည်။
အိုလံပစ်အားကစားပြိုင်ပွဲများအတွက် ပြင်ဆင်စရိတ်အဖြစ် ဒေါ်လာ ၂၅ ဘီလျံခန့် ကုန်ကျနိုင်ပြီး ယင်းမှာ ခန့်မှန်းကုန်ကျစရိတ်သာဖြစ်သေးကာ အပြီးသတ်စရိတ်သည် ယင်းထက်များစွာကုန်ကျနိုင်ကြောင်း ဂျပန်ဗဟိုအစိုးရ၏စာရင်းစစ်ဘုတ်အဖွဲ့၏အစီရင်ခံစာတွင် ဖော်ပြထားသည်။ တိုကျို၌ အိုလံပစ်ပွဲတော်ကျင်းပခွင့် ရရှိမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည့် ၂၀၁၃ ခုနှစ်မှစ၍ အသုံးစရိတ်တန်ဖိုး လေးဆမြင့်တက်ခဲ့ခြင်းဖြစ်သည်။ ယင်းအချိန်က ကုန်ကျစရိတ်သည် ယင်းအချိန်က ငွေလဲလှယ်နှုန်းဖြစ်သည့် တစ်ဒေါ်လာလျှင် ၁၁၃ ယန်းအရ ယန်း ၈၂၉ ဘီလျံ( ဒေါ်လာ ၇ ဒသမ ၃ ဘီလျံ) ရှိမည်ဖြစ်ကြောင်း ခန့်မှန်းခဲ့သည်။
အိုလံပစ်စီမံကိန်း အရှိန်ရလာသည့်နှင့်အမျှ ကုန်ကျစရိတ်များကို ခွဲခြားရန် ခက်ခဲလာခဲ့သည်။ အပြီးသတ်ရမည့်နေ့နည်းလာသည်နှင့်အမျှ မည်သည့်အသုံးစရိတ်များသည် အိုလံပစ်အတွက် အသုံးစရိတ်ဖြစ်သည်ကိုလည်း ခွဲခြားရန် ခက်ခဲလာခဲ့သည်။ ထို့ပြင် ကုန်ကျစရိတ်အတွက် မည်သူက စိုက်ထုတ်ပေးသည်နှင့် မည်သူတို့ အကျိုးအမြတ်ရှိခဲ့သည်တို့ကိုလည်း ခွဲခြားရ ခက်ခဲလာခဲ့သည်။
အိုလံပစ်များသည် သတ်မှတ်ထားသည့် အသုံးစရိတ်ထက် ကျော်လွန်ပြီး ကုန်ကျသည့် မဟာစီမံကိန်းဖြစ်ကြောင်း အိုလံပစ်အသုံးစရိတ်ဆိုင်ရာ ကျွမ်းကျင်သူ ဘန့် ဖလိုင်းဘတ်က ပြောဆိုခဲ့သည်။ သတ်မှတ်ထားသည့် ကုန်ကျစရိတ်အတိုင်းနှင့် သတ်မှတ်ချက်အောက် လျော့ပြီး ကုန်ကျသည့် အိုလံပစ်မရှိသေးကြောင်း ၎င်းက ပြောဆိုခဲ့သည်။
အိုလံပစ်အတွက် အသုံးစရိတ်မှာ ယန်း ၁ ဒသမ ၃၅ ထရီလီယံသို့မဟုတ် ဒေါ်လာ ၁၂ ဘီလျံဖြစ်ကြောင်း တိုကျိုအိုလံပစ်ပွဲတော်ဖြစ်မြောက်ရေးကော်မတီက ဒီဇင်ဘာတွင် ပြောဆိုခဲ့သည်။ ယင်းငွေများထဲတွင် ဖြစ်မြောက်ရေးကော်မတီနှင့် တိုကျိုမြို့အစိုးရတို့ထည့်ဝင်သည့် ယန်း ၆၀ဝ ဘီလျံ( ဒေါ်လာ ၅ ဒသမ ၃ ဘီလျံ)၊ ဗဟိုအစိုးရထည့်ဝင်သည့် ယန်း ၁၅၀ ဘီလျံ( ဒေါ်လာ ၁ ဒသမ ၃ ဘီလျံ) တို့လည်းပါဝင်သည်။
သို့သော် တစ်လအကြာတွင် တိုကျိုမြို့အုပ်ချုပ်ရေးမှူး ယူရီကို ကိုအိကေက အားကစားပြိုင်ပွဲများနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပတ်သက်နေသည့် စီမံကိန်းများအတွက် ယန်း ၈၁၀ ဘီလျံ( ဒေါ်လာ ၇ ဒသမ ၂ ဘီလျံ) ကို ထည့်ဝင်ခဲ့ရကြောင်း ပြောဆိုခဲ့သည်။ ယင်းတို့ထဲတွင် မသန်စွမ်းအားကစားသမားများအတွက် အတားအဆီးမရှိသော အဆောက်အအုံများတည်ဆောက်ခြင်း၊ စေတနာ့ဝန်ထမ်းများကိုလေ့ကျင့်သင်ကြားပေးခြင်း၊ ကြော်ငြာနှင့် နိုင်ငံခြားခရီးသွားများဆွဲဆောင်ရန် အဆောက်အအုံများဆောက်လုပ်ခြင်းတို့လည်းပါဝင်ကြောင်း ၎င်းကပြောဆိုခဲ့သည်။ ယင်းကြောင့် စုစုပေါင်းကုန်ကျစရိတ်သည် ယန်း ၂ ဒသမ ၂၆ ထရီလီယံ သို့မဟုတ် ဒေါ်လာ ၁၉ ဒသမ ၁ ဘီလျံအထိရှိလာခဲ့သည်။

















