မြန်မာ့ဘောလုံးလောက တိုးတက်ရန်အတွက် အမြဲဆုတောင်းနေပြီး ယခုထက်တစ်ဆင့်မြင့်သည့်အနေအထားကို ရောက်စေချင်နေပြီဖြစ်ကြောင်း ဟံသာဝတီယူနိုက်တက်အသင်းပိုင်ရှင် ဦးအောင်မိုးကျော်က ထုတ်ဖော်ပြောဆိုခဲ့သည်။
ကျင်းပပေးခဲ့
ဦးအောင်မိုးကျော်သည် ဟံသာဝတီယူနိုက်တက်အသင်းကို နေရှင်နယ်လိဂ် စတင်စဉ်ကတည်းက ဥသာယူနိုက်တက်အသင်းအမည်ဖြင့် ဖွဲ့စည်းကာ ပါဝင်ယှဉ်ပြိုင်စေခဲ့ပြီး ၎င်းပိုင် ဂရင်းရွိုင်ရယ်အမှတ်တံဆိပ်ဖြင့် နိုင်ငံတကာ ဖိတ်ခေါ်ဖလားပြိုင်ပွဲကိုလည်း ၂၀၀၅၊၂၀၀၆နှင့် ၂၀၀၈ခုနှစ်တို့တွင် ကျင်းပပေးခဲ့သည်။ " မြန်မာနိုင်ငံဘောလုံးလောကကြီးတိုးတက်ဖို့အတွက်ကတော့ အမြဲဆုတောင်းနေရမှာပဲလေ။ နောက်ထပ် မြင့်တဲ့အဆင့်တစ်ခုကိုတော့ သွားစေချင်နေပါပြီ။ ဒါပေမဲ့လည်း အာရှဘောလုံးအင်အားကြီးနိုင်ငံတွေရှိတဲ့ အရှေ့အလယ်ပိုင်းက အသင်းတွေတောင် အများကြီကြိုးစားနေရတဲ့ အဆင့်ပဲရှိပါသေးတယ်" ဟု ဦးအောင်မိုးကျော်က ပြောဆိုခဲ့သည်။
ကျေနပ်မိ
ဆက်လက်ပြီး လက်ရှိအချိန်တွင် မြန်မာ့လက်ရွေးစင်အသင်း၌ ဟံသာဝတီယူနိုက်တက်ကစားသမားများ ရွေးချယ်ခြင်းမခံရသေးသော်လည်း ဆယ်စုနှစ်တစ်ခုအတွင်း လက်ရွေးစင်အသင်းအတွက် မိမိကလပ်မှ အထောက်အကူပြုနိုင်ခဲ့သည်ကို ကျေနပ်မိကြောင်း ဖွင့်ဟခဲ့သည်။ " ကျွန်တော်တို့အသင်းက တစ်ချို့ဆိုရင် ဒီနှစ်မှာ သက်တမ်းအလိုက်လက်ရွေးစင်အဖြစ် ရွေးချယ်ခံရတယ်။ ဒါပေမဲ့ လက်ရွေးစင်အသင်းကြီးကစားသမားအဖြစ်နဲ့တော့ ရွေးချယ်ခြင်းမခံရသေးဘူး။ ဒါပေမဲ့ ဆယ်နှစ်စာလောက် လုပ်ခဲ့တဲ့ကာလအတွင်းမှာ လက်ရွေးစင်အသင်းကို အတတ်နိုင်ဆုံးအထောက်အပံ့ပေးနိုင်ခဲ့တဲ့အတွက် အတော်လေးကျေနပ်မိတယ်လို့ ပြောရမှာပါ" ဟု ပြောဆိုခဲ့သည်။
သမိုင်းတစ်လျှောက်
လက်ရှိမြန်မာ့လက်ရွေးစင်အသင်းတွင် ခြေစွမ်းပြကစားနေသည့် မောင်မောင်လွင်မှာ ဟံသာဝတီယူနိုက်တက်၏ ငယ်မွေးခြံပေါက်ကစားသမားတစ်ဦးဖြစ်ပြီး ယခုနှစ်ရာသီတွင် ရန်ကုန်ယူနိုက်တက်သို့ ပြောင်းရွှေ့ခဲ့သည်။ ယခုနှစ်ဘောလုံးရာသီအပြီးတွင် ဟံသာဝတီယူနိုက်တက်သည် အသင်းသမိုင်းတစ်လျှောက် အမြင့်ဆုံးရပ်တည်မှုအဖြစ် နေရှင်နယ်လိဂ်အမှတ်ပေးဇယား စတုတ္ထနေရာ၌ ရပ်တည်နိုင်ခဲ့သလို ဗိုလ်ချုပ်အောင်ဆန်းဒိုင်းပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲအထိတက်ရောက်နိုင်ခဲ့သည်။















