ဒေသတွင်းနှင့် ကမ္ဘာပေါ်၌ ပြဿနာများ၏ အရင်းအမြစ်မဖြစ်စေဘဲ အပြုသဘော အခန်းကဏ္ဍမှပါဝင်ရန် တရုတ်ကို တိုင်ပေတိုက်တွန်း

ဒေသတွင်းနှင့် ကမ္ဘာပေါ်၌ ပြဿနာများ၏ အရင်းအမြစ်မဖြစ်စေဘဲ အပြုသဘော အခန်းကဏ္ဍမှပါဝင်ရန် တရုတ်ကို တိုင်ပေတိုက်တွန်း

တာဝန်ဝတ္တရားများရှိသည့် အဓိကအင်အားကြီးနိုင်ငံဖြစ်သည်နှင့်အညီ တရုတ်နိုင်ငံသည် ဒေသတွင်းနှင့် ကမ္ဘာပေါ်တွင် ပြဿနာများ၏ အရင်းအမြစ်မဖြစ်စေဘဲ အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှပါဝင်ရန် တရုတ်အာဏာပိုင်များကို တိုက်တွန်းလိုကြောင်း ထိုင်ဝမ်( တရုတ်တိုင်ပေ)ခေါင်းဆောင် ဆိုင်အင်ဝမ်က ပြောဆိုခဲ့သည်။

တရုတ်နှင့် ထိပ်တိုက်မဆုံသည့် နည်းလမ်းကို ကျင့်သုံးပြီး တစ်ချိန်တည်းမှာပင် ထိုင်ဝမ်( တရုတ်တိုင်ပေ) အား ကမ္ဘာပေါ်တွင် အစားထိုး၍မရသည့် ဒေသတစ်ခုအဖြစ် လုပ်ဆောင်ခြင်းသည်သာ အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်းလည်း ဆိုင်က အောက်တိုဘာ ၁၀ ရက် အမျိုးသားနေ့အခမ်းအနားတွင် တိုင်ပေရှိ သမ္မတရုံးအဆောက်အအုံရှေ့၌ စုဝေးခဲ့သည့် သံတမန်များ၊ အစိုးရအရာရှိများနှင့် အများပြည်သူတို့ရှေ့မှောက်တွင် တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
    ဆိုင်အင်ဝမ် ခေါင်းဆောင်ဖြစ်လာခဲ့သည့် ၂၀၁၆ ခုနှစ်နောက်ပိုင်းတွင် တရုတ်သည် ဆိုင်၏ အုပ်ချုပ်ရေးအဖွဲ့နှင့် ဆက်သွယ်ရေးဖြတ်တောက်ပြီး ထိုင်ဝမ်( တရုတ်တိုင်ပေ) သည် တရုတ်ပြည်မကြီး၏ နယ်မြေတစ်ခုဖြစ်ကြောင်း တရုတ်အစိုးရ၏ပြောဆိုမှုကို ဆိုင် လက်ခံလာစေရေးအတွက် သံတမန်ရေး၊ စီးပွားရေးနှင့် စစ်ရေးအရ ဖိအားပေးမှုများကို ပြုလုပ်ခဲ့သည်။ ၁၉၄၉ ခုနှစ် ပြည်တွင်းစစ်အတွင်း တရုတ်နှင့် ထိုင်ဝမ်( တရုတ်တိုင်ပေ) တို့ကွဲကွာသွားပြီး ထိုင်ဝမ်( တရုတ်တိုင်ပေ) သည် တရုတ်ပြည်မကြီးတစ်စိတ်တစ်ပိုင်းသာဖြစ်၍ တစ်ချိန်ချိန်တွင် ပြန်လည်ပေါင်းဆုံမည့် နယ်မြေတစ်ခုဖြစ်ကြောင်း၊ အင်အားသုံးရန် လိုအပ်ပါကလည်း သုံးရန် အသင့်ရှိနေကြောင်း တရုတ်အစိုးရက အကြိမ်ကြိမ်ပြောဆိုခဲ့ပြီး ဖြစ်သည်။
    ထိုင်ဝမ်(တရုတ်တိုင်ပေ) သည် ကာကွယ်ရေးအသုံးစရိတ်ကို နှစ်စဉ်တိုးမြှင့်ပြီး ပြည်တွင်းရှိ ကာကွယ်ရေးလုပ်ငန်းများကို အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း ဆိုင်က အောက်တိုဘာ ၁၀ ရက်တွင်ပြောဆိုခဲ့သည်။ ၂၀၁၅ ခုနှစ်မှစ၍ တရုတ်သည် စစ်ဘက်ဆိုင်ရာလေယာဉ်များစွာကို ထိုင်ဝမ်( တရုတ်တိုင်ပေ) ပိုင်နက်နားသို့ ကပ်ပြီး ပျံသန်းစေကာ အကဲစမ်းခဲ့ပြီးဖြစ်သည်။ 
    ထို့ပြင် ဆိုင် ခေါင်းဆောင်အဖြစ် အုပ်ချုပ်စဉ်အတွင်း ထိုင်ဝမ်( တရုတ်တိုင်ပေ) ၏မဟာမိတ်နိုင်ငံ ငါးနိုင်ငံကိုလည်း ထိုင်ဝမ်( တရုတ်တိုင်ပေ) နှင့် အဆက်အသွယ်ဖြတ်ရန် စည်းရုံးနိုင်ခဲ့ပြီးဖြစ်သည်။ ယနေ့တွင် နိုင်ငံ ၁၇ နိုင်ငံကသာ ထိုင်ဝမ်(တရုတ်တိုင်ပေ) ကို အသိအမှတ်ပြုထားပြီး နိုင်ငံ ၁၇၀ ကျော်က တရုတ်ကို အသိအမှတ်ပြုထားသည်။