အင်းစိန်-ရန်ကုန် မြို့ပတ်ရထား ရေနွေးငွေ့တိုင်ကီအဖုံးပွင့်ထွက်ရာက ခရီးသည် အမျိုးသား၂ ဦး အပူလောင် ဒဏ်ရာ ရရှိခဲ့ပြီးအမျိုးသမီးတစ်ဦးနှလုံးဖောက်မူးမေ့ခဲ့မှု အောက်တိုဘာ ၉ ရက်နေ့ ကဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ နံနက် ၈ နာရီ ၂၅ မိနစ်အချိန် အင်းစိန်-ရန်ကုန် RBE ခရမ်း(၂) မြို့ပတ်ရထားသည် အလုံလမ်း ဘူတာအဝင် မိုင်တိုင်အမှတ်(၂/၁-၂)ကြား၌ ရထား ဘရိတ်ဖမ်းစဉ် တွဲအမှတ်(၂)ခရီးသည် ထိုင်ခုံ အောက်ရှိ ရေနွေးတိုင်ကီအဖုံးပွင့်ထွက်ခဲ့သည်။
ထိုသို့ဖြစ်ပွားစဉ် ရွှေပြည်သာမြို့နယ်၊ (၁၄)ရပ်ကွက်နေ ဦးခင်မောင်ကြည်(၄၀)နှစ်ပါ ကျား(၂)ဦးတွင် ခန္ဓာကိုယ်ရေနွေးပူလောင် အရေခွံစုတ်ပြဲဒဏ်ရာ(မစိုးရိမ်ရ)နှင့် (ထ/၁၆)ရပ်ကွက်နေ မရွှေစင်(၁၈) နှစ်တွင် ကြောက်လန့်၍ နှလုံးဖောက်သတိမေ့မျောသွားခဲ့သည်။
ဦးခင်မောင်ကြည် ပါ(၂)ဦးကို ရန်ကုန်အနောက်ပိုင်းခရိုင်ပြည်သူ့ဆေးရုံသို့ လည်းကောင်း၊ မရွှေစင်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လည်းကောင်း အသီးသီးတင်ပို့ခဲ့ရပြီး သက်ဆိုင်ရာက ဖြစ်စဉ်ကို စုံစမ်းစစ်ဆေး လျက်ရှိကြောင်းသိရသည်။
အဆိုပါ စက်ချွတ်ယွင်းမှုတွင် ထိခိုက်ဒဏ်ရာရရှိသူများနှင့် နှလုံးဖောက်မူးမေ့ခဲ့သူ အမျိုးသမီးတို့ကို သက်ဆိုင်ရာကထောက်ပံ့မှုများပေးအပ်ခဲ့ကြောင်း မီးရထားက သတင်းထုတ်ပြန်ထားသည်။

















