တီကျစ်ကျောက်မီးသွေး စက်ရုံက လူနှင့် ပတ်ဝန်းကျင်ကို ထိခိုက်စေခြင်း မရှိဟုဆို

တီကျစ်ကျောက်မီးသွေး စက်ရုံက လူနှင့် ပတ်ဝန်းကျင်ကို ထိခိုက်စေခြင်း မရှိဟုဆို

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမ·း ဦးခင်မောင်ဝင်းကို မြန်မာတိုင်း(မ်)က တွေ့ဆုံရာတွင် တီကျစ် ကျောက်မီးသွေးစက်ရုံနှင့် ပတ်သက်သည့် မေးမြန်းချက်အချို့ကို တည်းဖြတ်၊ ထုတ်နုတ် တင်ပြလိုက်ရပါသည်။
 

တီကျစ်ကျောက်မီးသွေးစက်ရုံ စီမံကိန်းအနီးတစ်ဝိုက်ရှိ ရေနှင့်လေအရည်အသွေးကို တိုင်းတာရာတွင် လူကို အဆိပ်အတောက်ဖြစ်စေသော ဓာတုပစ္စည်းပါဝင်မှုနှုန်း မြင့်မားနေသည်ဟု အရပ်ဘက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် MATA  ၏ သုတေသနပြုချက်က ဆိုသည်။ သို့သော် အစိုးရက အဆိုပါအချက်ကို ငြင်းဆိုထားသည်။

 

ဒေသခံတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ ကန့်ကွက်နေတဲ့ကြားကစက်ရုံကို ဘာကြောင့် ပြန်လည်ပတ်ပါသလဲ။

တီကျစ် ကျောက်မီးသွေးသုံးစက်ရုံကို ၂၀ဝ၄ ခုနှစ်က စပြီး နိုင်ငံတော်ဘတ်ဂျက်နဲ့ စလည်ပတ်ခဲ့တယ်။ ကျွန်တော်တို့မှာ ဘတ်ဂျက်မလုံလောက်တာရှိတယ်။ နည်းပညာပိုင်း ပြည့်ပြည့်စုံစုံမရှိတာကြောင့် ကျွန်တော်တို့ မလုပ်နိုင်တဲ့ အခါကျတော့ ပတ်ဝန်းကျင်မှာ ပြာမှုန်တွေ ထွက်တာတို့၊ ဘာတို့ အထိုက်အလျောက်ရှိခဲ့တယ်။ အဲဒီတော့ နောက်ပိုင်းမှာ စက်ရုံက ပျက်စီးသွားတယ်။ ဒါကြောင့် ဆက်မမောင်းတော့ဘူး။ မောင်းရင် ကျွန်တော်တို့လည်း ငွေက မလိုက်နိုင်ဘူး။ ဒါကြောင့် တင်ဒါခေါ်ခဲ့တယ်။  ကမ္ဘာ့ဘဏ်သတ်မှတ်ထားတဲ့ စံနှုန်းနဲ့ သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေထဲကို ဝင်အောင်လို့ လုပ်နိုင်တဲ့လူရှာဖို့။ ဒီလို ခေါ်လိုက်တော့ အင်ဒိုနီးရှားတစ်ဖွဲ့နဲ့ တရုတ်တစ်ဖွဲ့ ဝင်ပြိုင်တယ်။ အင်ဒိုနီးရှားတစ်ဖွဲ့ကတော့ စက်ရုံကို ရိုးရိုးပြင်ရုံလောက်ပဲလုပ်မယ်။ ဒါပေမဲ့ တရုတ်ကတော့ ဓာတ်အားပိုထွက်အောင် လုပ်မယ်။ ဗွိုင်လာအသစ် ဆောက်မယ်ဆိုပြီး အဆိုပြုတဲ့အခါမှာ ၁၂၀ မဂ္ဂါဝပ် အပြည့်ထွက်အောင် လုပ်ပေးမယ်ဆိုလို့ သူ့ကို ရွေးလိုက်တယ်။  နောက်တစ်ခုက ဒီစက်ရုံက တရုတ်က ထုတ်ထားတဲ့အတွက်ကြောင့် တရုတ်က နိုင်နင်းတယ်။ ဈေးလည်း အနည်းဆုံးဖြစ်တယ်။ ပြုပြင်တဲ့ကာလကို ခုနစ်လ၊ ရှစ်လ ပေးထားပြီး အဲဒီကာလအတွင်းမှာ ၆၀ မဂ္ဂါဝပ်ထွက်အောင် လုပ်ပေးဖို့ ပြောထားတယ်။ နောက်တစ်ခုက ပတ်ဝန်းကျင်ကို မထိခိုက်အောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်။ ဒီနှစ်ခုနဲ့ ဒါကို ကုမ္ပဏီခေါ်ပြီး လုပ်ခဲ့တာဖြစ်တယ်။ လျှပ်စစ်ဓာတ်အား ၈၀ မဂ္ဂါဝပ်လောက်ထိ ထုတ်ပေးနိုင်ခဲ့တယ်။ ဒီစက်ရုံက ထွက်လာတဲ့ ခေါင်းတိုင်မှာ ရှိနေတဲ့ ပြာမှုန့်တွေ၊ ဓာတ်ငွေ့တွေကို အတတ်နိုင်ဆုံး ထိန်းပြီးလုပ်တဲ့အတွက် ဒေသခံတွေအတွက်လည်း အန္တရာယ်မရှိဘူး။

 

လေထုညစ်ညမ်းမှုတွေ၊ ဒေသခံ ကျန်းမာရေးထိခိုက်တာတွေ ရှိတယ်လို့ သိရပါတယ်။ ဒါကိုရော ဘယ်လိုဆောင်ရွက်နေပါသလဲ။

လေထုညစ်ညမ်းမှုနဲ့ ပတ်သက်ပြီး စက်ရုံမလည်ပတ်ခင်ကတည်းက ပတ်ပတ်လည်ရွာတွေမှာ တောက်လျှောက် တိုင်းလာခဲ့တာပါ။ နွေရာသီမှာ ဘယ်လိုရှိလဲ၊ မိုးရာသီမှာ ဘယ်လိုရှိလဲဆိုတာ တိုင်းတယ်။ နောက် စက်လည်တဲ့အခါမှာလည်း တိုင်းတယ်။ တိုင်းတဲ့အခါမှာ သတ်မှတ်ထားတဲ့ ပမာဏအတွင်းမှာပဲ ရှိတယ်။ ဒါပေမဲ့ နွေရာသီမှာ တော့ တချို့နေရာတွေမှာ သတ်မှတ်ချက်ထက် (လေထုညစ်ညမ်းမှု) နည်းနည်းမြင့်တာရှိတယ်။ ကျွန်တော်တို့ တိုင်းပြည်က ဖုန်ထူထပ်တယ်။ နောက်တစ်ခုက စိုက်ပျိုးရေးအတွက် တောင်ယာတွေ မီးရှို့တာ ရှိတယ်။အဲဒါတွေက ပြာမှုန်တွေထွက်တယ်။ မော်တော်ကားတွေလည်း သွားတာတွေရှိတော့ ဓာတ်ငွေ့တွေထွက်တာ ရှိတယ်။ ဒါကြောင့် နွေရာသီ ကာလမှာ (လေထုညစ်ညမ်းမှု) နည်းနည်းမြင့်ပြီး မိုးတွင်းကာလမှာ တော်တော်ကို နိမ့်ပါတယ်။ ဆိုလိုတာက စက်မလည်ခင် ကာလကတည်းက နွေရာသီကာလမှာ (လေထုညစ်ညမ်းမှုက) သတ်မှတ်ပမာဏထက် နည်းနည်းပိုများတာ တွေ့ရတယ်။ စက်လည်တော့လည်း ဒီပမာဏထက်ပိုမသွားဘူး။ ဒါကို တိုင်းတာတဲ့ အဖွဲ့တစ်ဖွဲ့ကိုလည်း လေ့လာဖို့ ငှားထားတယ်။ တောက်လျှောက်တိုင်းတာတယ်။ ဒါတွေနဲ့ပတ်သက်ပြီး သူတို့မှာ မှတ်တမ်းတွေရှိတယ်။ ဒါတွေက ညာလို့မရဘူး။ ကျွန်တော်တို့က လေထု၊ ရေထုတွေ ညစ်ညမ်းမှု မရှိပါဘူးလို့ ပြောနေတာက ဒီအတိုင်း အလွတ်ပြောနေတာ မဟုတ်ဘူး။ ဒီဒေတာ အချက်အလက်တွေအရညစ်ညမ်းမှု မရှိပါဘူးလို့ ပြောနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူမဆို လာရောက်ကြည့်ရှုဖို့ကိုလည်း ဖိတ်ခေါ်ပါတယ်။ နောက်တစ်ခုက ကျန်းမာရေးပေါ့။ မြို့နယ်ဆေးရုံတွေမှာ မှတ်တမ်းတွေရှိတယ်။ ပြီးခဲ့တဲ့အစည်းအဝေးမှာတုန်းက မြို့နယ်ဆရာဝန်ကြီးက ပြောတယ်။ ကုလသမဂ္ဂ  က သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေထက် မပိုပါဘူးတဲ့။ စက်ရုံနဲ့ဝေးတဲ့ ရွာတွေမှာ ဝမ်းပျက်ဝမ်းလျှောတာမျိုး ရှိတယ်။ ဒါတွေ ဘာကြောင့် ဖြစ်လဲလို့ သုတေသနလုပ်တဲ့အခါမှာ တချို့က ပိုးသတ်ဆေးတွေကြောင့်၊ တချို့ကျတော့လည်း အရက်သောက်လို့သေတာ ရှိတယ်။ နောက် ကိုယ်ဝန်ပျက်ကျတာ ရှိတယ်။ ကိုယ်ဝန်ပျက်ကျတာကလည်း လူငယ်တွေက သူတို့ဘာသာ အဆင်ပြေအောင် လုပ်တာရှိတယ်။ လူမသိအောင် ဖျက်ချတာရှိတယ်။ ဒါတွေလည်း ဆရာဝန်တွေက သိတယ်။ ဒါပေမဲ့ သူတို့ဂုဏ်သိက္ခာနဲ့ ကိုယ်ရေးကိုယ်တာတွေကြောင့် မေးမရဘူး။ ဒါကိုစက်ရုံကြောင့် သေပါတယ်လို့ ပြောနေကြတာဖြစ်ပါတယ်။ အကြမ်းဖျင်းအားဖြင့် ခြုံပြီးကြည့်ရင် ထူးထူးခြားခြား ဖြစ်လာတာ မရှိပါဘူး။ ဒေသခံတွေရဲ့ ကျန်းမာရေးကို တစ်နှစ်ကို အနည်းဆုံး တစ်ကြိမ်လောက် စောင့်ရှောက်ပေးတာမျိုး လုပ်ပေးဖို့ အစီအစဉ်ရှိပါတယ်။ ကုမ္ပဏီကိုလည်း ညွှန်ကြားထားပြီးပါပြီ။

အခု မဖြစ်ဘူးဆိုပေမဲ့ ရေရှည်မှာဖြစ်လာခဲ့ရင် ဘယ်လို တာဝန်ယူမလဲ။ 

အဲဒီလိုတော့ မရပါဘူး။ ကျွန်တော်တို့ စာချုပ်ကတည်းက ကမ္ဘာ့ဘဏ် သတ်မှတ်ထားတဲ့ စံချိန်စံနှုန်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေအတွင်းက ကျော်သွားရင် ရပ်တော့။ အဲဒါတွေကိုလည်း ကျွန်တော်တို့ လစဉ်စောင့်ကြည့်နေတယ်။ ကျော်သွားရင် ရပ်လိုက်တော့လို့ ပြောမှာပေါ့။ ပြင်ပြီး တော့မှ ပြန်လည်ပတ်ခွင့်ပေးမယ်။ ဒါကြောင့် တစ်နှစ်တောင်းလိုက်တယ်။ မကောင်းရင် ရပ်ခိုင်းမှာပါ။ ဆိုလိုတာက မကောင်းတဲ့ဟာကို ဖြတ်။ ရေမကောင်းရင် ရေဖြတ်ပေါ့။ ဒါကိုလည်း ဝန်ကြီးဌာနတစ်ခုတည်းတင် စောင့်ကြည့်နေတာ မဟုတ်ဘူး။ ရှမ်းပြည်နယ်အစိုးရရယ် ဒေသခံတွေရယ် လည်း စောင့်ကြည့်နေတယ်။ သူတို့လည်း မကြိုက်ရင် ပြောမှာပေါ့။

ဒါဆိုရင် ဒေသခံတွေက ဘာကြောင့် ကန့်ကွက်နေရတာပါလဲ။

ကျွန်တော်တို့ စက်ရုံလည်ဖို့ ဒေသခံတွေနဲ့တွေပြီး သူတို့သိချင်တာတွေရှင်းပြတော့ သူတို့ ကန့်ကွက်တာတွေ မရှိပါဘူး။ ဒါကြောင့်လည်း ကျွန်တော်တို့ လည်ပတ်ခဲ့တာပါ။ ကန့်ကွက်တာတို့ ဆန္ဒပြတာတို့ဆိုတာကတော့ ပြင်ပ ပယောဂကြောင့်ဖြစ်နေတာပေါ့။ သူတို့ရဲ့ပယောဂကြောင့် တီကျစ်ကျောက်မီးသွေးစက်ရုံကြီးက မကောင်းတဲ့ အငွေ့တွေ ထုတ်နေတယ်။ မကောင်းတဲ့ရေတွေ ထုတ်နေတယ်။ လူတွေ ကျန်းမာရေး မကောင်းဘူးဆိုပြီး အဲဒီလို မဆင်မခြင်ပြောကြတာ။ ဒါကြောင့် ဒီအဖွဲ့အစည်းတွေကို ကျွန်တော်တို့က ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့နဲ့ လာကြည့်ပါ။ ယခင်ကာလက ဖြစ်နိုင်ပေမဲ့ အခုတော့ အဲဒီလိုဖြစ်မှာကို နိုင်ငံတော်လည်း လက်မခံဘူး။ အစိုးရလည်း လက်မခံဘူး။ ဒေသအစိုးရအဖွဲ့လည်း လက်မခံဘူး။ အဲဒီတော့ လက်မခံတဲ့ဟာကို ကျွန်တော်တို့က ကျော်ပြီး လုပ်လို့မရဘူး။ ဒါကြောင့် ဒီပြင်ပ NGO အဖွဲ့အစည်းတွေက မကောင်းဘူး၊ မကောင်းဘူး ပြောနေမယ့်အစား လာကြည့်လိုက်ပါ။ ပြီးတော့ ဒါတော့ ပြင်ပေးစမ်းပါလို့ ပြောလိုက်ရင် တိုင်းပြည်အတွက် အကျိုးရှိတာပေါ့။ အဲဒီလိုမျိုးတော့ ပြောချင်ပါတယ်



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး