ခါရှော့ဂျီကို ဆော်ဒီအာရေဗျ လုံခြုံရေးအဖွဲ့က စောင့်ကြည့်နေခဲ့

ခါရှော့ဂျီကို ဆော်ဒီအာရေဗျ လုံခြုံရေးအဖွဲ့က စောင့်ကြည့်နေခဲ့

အစ္စတန်ဘူလ် ” အောက်တိုဘာ ၂ ရက်က တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီ ကောင်စစ်ဝန်ရုံးသို့ဝင်ရောက်ရန် ဆော်ဒီဆောင်းပါးရှင် စာရေးဆရာ ဂျမား ခါရှော့ဂျီက ပြင်ဆင်နေစဉ်တွင် ဆော်ဒီအာရေဗျနိုင်ငံက စုံထောက်များဟု သင်္ကာမကင်းသူ အဖွဲ့တစ်ဖွဲ့သည် သူ့ကို စောင့်ကြည့်နေခဲ့သည်။ ထိုအဖွဲ့သည် ခါရှော့ဂျီ ပျောက်ဆုံးမှုတွင် အရေးပါသည့်အခန်းက ပါဝင်ခဲ့ကြသည်။

သူတို့သည် ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယာ့ဒ် မြို့မှနေ၍ ထိုနေ့စောစောပိုင်းတွင် အစ္စတန်ဘူလ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ထို့နောက် အစ္စတန်ဘူလ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ဟိုတယ်နှစ်ခုတွင် တည်းခိုခဲ့ကြသည်။ ၎င်းတို့သည် လီဗင့်ရပ်ကွက်ရှိ ကောင်စစ်ဝန်ရုံးသို့ ကားများဖြင့် ထွက်ခွာခဲ့ကြပြီး ထောက်လှမ်းရေးအတွေ့ အကြုံရှိသူများဖြစ်သည်ဟု သိရသည်။

၎င်းတို့ထဲမှတစ်ဦးသည် မိုဘင်ပစ် အစ္စတန်ဘူလ်ဟိုတယ်တွင် တည်းခိုပြီး မိနစ်ပိုင်းအတွင်းမှာပင် ကောင်စစ်ဝန်ရုံးသို့ ကားဖြင့်သွားခဲ့သည်။ ထိုနေ့ညပိုင်း တွင် အဖွဲ့ဝင် ၁၅ ဦးပါသော ဆော်ဒီကိုယ်စားလှယ်အဖွဲ့ သည် စီးပွားရေးလုပ်ငန်းဆိုင်ရာများကို ဆောင်ရွက်ပြီး တူရကီနိုင်ငံမှ ကိုင်ရိုနှင့် ဒူဘိုင်းသို့ထွက်ခွာမည့် လေယာဉ်ကိုစီးကာ တူရကီမှ ထွက်ခွာသွားကြောင်း လေယာဉ်ရုံး မှတ်တမ်းများနှင့် သူတို့နှင့်ရင်းနှီးသူအချို့ ထံမှ စုံစမ်းသိရှိခဲ့ရသည်။

စောစောပိုင်းက တူရကီအရာရှိများက ပြောကြား ရာတွင် ဆော်ဒီစာရေးဆရာနှင့် ဝါရှင်တန်ပို့စ်ဆောင်းပါးရှင် ခါရှော့ဂျီသည် ကောင်စစ်ဝန်ရုံးအတွင်း မှာပင် အသတ်ခံခဲ့ရသည်ဟု ဆိုသည်။ စောစောပိုင်း ဆော်ဒီစုံထောက်အဖွဲ့ လှုပ်ရှားမှုကို စုံစမ်းခဲ့သော တူရကီ အရာရှိများက ယခုအခါ ဆော်ဒီ ကောင်စစ်ဝန်ချုပ် မိုဟာမက် အယ်လ် အိုတိုင်ဘီ၏ နေအိမ်အတွင်း မည်သည့်အရေးများဖြစ်ခဲ့သည်ကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ ၎င်းနေအိမ်မှာ ကောင်စစ်ဝန်ရုံးမှ ကိုက် ၅၀ဝ အကွာတွင် တည်ရှိသည်။ အဆိုပါကောင်စစ်ဝန် နေအိမ်အပြင်ဘက်တွင် တူရကီရဲတပ်ဖွဲ့က ရုပ်မြင်သံကြား ကင်မရာဖြင့် အနီးကပ်ရိုက်ယူထားခဲ့ပြီး ဝါရှင်တန်ပို့စ်သတင်းစာက ရရှိခဲ့သည့် ဓာတ်ပုံတွင် ခါရှော့ဂျီ ကောင်စစ်ဝန်ရုံးသို့ ဝင်ရောက်ခဲ့ပြီးနောက် နှစ်နာရီခန့်အကြာတွင် ပြတင်းတံခါးမှန်များတွင် စတစ်ကာများကပ်ထားသော မာစီးဒီးဗီတို ဘင်ကားတစ်စီးသည် အဆိုပါ ဆော်ဒီစုံထောက်အဖွဲ့မှ အမျိုးသားအချို့ကို ကောင်စစ်ဝန်ရုံးမှ အိုတိုင်ဘီ၏နေအိမ်သို့ ပို့ပေးခဲ့သည်။

ဆော်ဒီ ကောင်စစ်ဝန်ချုပ် မိုဟာမက် အယ်လ် အိုတိုင်ဘီ၏ နေအိမ်အတွင်း မည်သည့်အရေးများဖြစ်ခဲ့သည်ကို စုံစမ်း ....

ခါရှော့ဂျီ ပျောက်ဆုံးပြီးနောက် ရက်သတ္တပတ်အတွင်း မှာပင် ဝါရှင်တန်ပို့စ် ဆောင်းပါးရှင်တစ်ဦးက ဆော်ဒီ အစိုးရသည် ဆောင်းပါးရှင် ခါရှော့ဂျီ ကောင်စစ်ဝန်ရုံးသို့ ရောက်ပြီးချင်း ပြန်လည်ထွက်ခွာသွားခဲ့သည်ဆိုသည့် အချက်ကို ဆက်လက်ပြောကြားလိုကြောင်း၊ သူဘာဖြစ် သည်ကို မသိရကြောင်း၊ သူတို့လည်း ခါရှော့ဂျီ လုံခြုံရေး အတွက် စိတ်ပူနေကြောင်း ပြောကြားခဲ့သည်ဟုဆိုသည်။

ဝါရှင်တန်ရှိ အမေရိကန်နိုင်ငံဆိုင်ရာ ဆော်ဒီသံအမတ် ခါလစ်ဘင် ဆယ်လ်မန်က သတင်းဌာနများသို့ အောက်တိုဘာ ၈ ရက်တွင်ပေးပို့သောစာလွှာ၌ "ဆော်ဒီမှာရှိတဲ့ သူ့မိသားစုက အကြီးအကျယ် စိုးရိမ်ပူပန်နေသလို ကျွန်တော်တို့လည်း ပူပန်နေပါတယ်"ဟု ဖော်ပြခဲ့သည်။

ခါရှော့ဂျီ မပျောက်ဆုံးမီ အမေရိကန်ထောက်လှမ်းရေး က ဆော်ဒီအရာရှိများ ခါရှော့ဂျီကိုဖမ်းရန် အစီအစဉ် ဆွေးနွေးနေခြင်းကို ကြားဖြတ်ဖမ်းယူရရှိခဲ့သည်ဟု ပြန်ကြားရေးဌာနနှင့် ရင်းနှီးသူတစ်ဦးထံမှ သိရသည်။

ဆော်ဒီတို့က ခါရှော့ဂျီကို ဆော်ဒီသို့ပြန်လာရန် လိုလားနေခဲ့ကြသည်။ ဆော်ဒီအဖွဲ့သည် ခါရှော့ဂျီကိုဖမ်းဆီး၍ စစ်ဆေးမေးမြန်းရန်၊ သို့မဟုတ် သတ်ဖြတ်ရန် ရည်ရွယ် ချက်ရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ဆော်ဒီ အရာရှိများကမူ ခါရှော့ဂျီ ပျောက်ဆုံးသည့်နေ့တွင် လူ ၁၅ ဦးပါသည့်အဖွဲ့တစ်ဖွဲ့ကို အစ္စတန်ဘူလ်မြို့သို့ စေလွှတ်ခဲ့သည်ဆိုသည့် သတင်းများကို ငြင်းဆိုခဲ့ပြီး ထိုအဖွဲ့မှာ ပျောက်ဆုံးသည့် သတင်းစာဆရာကို ရှာဖွေရာ၌ ကူညီရန် အောက်တိုဘာ ၆ ရက်က တူရကီသို့ ရောက်ရှိခဲ့သော စုံထောက်များပါဝင်သည့် အဖွဲ့ကိုသာ စေလွှတ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။