ရေတံခွန်ထိပ်ဖျား၊ ဒါမှမဟုတ် ရှုခင်းကောင်းတဲ့ ကျောက်ကမ်းပါးစွန်းမှာ မတ်တပ်ရပ်ပြီး ဆဲလ်ဖီလေး မြန်မြန်ဆွဲလိုက်ဖို့ ဆန္ဒရှိတဲ့အခါ သတိထားပါ။ ဒါဟာ နောက်ဆုံးလုပ်ရပ်ကလေး ဖြစ်သွားနိုင်ပါတယ်။
လွန်ခဲ့တဲ့ ခြောက်နှစ်အတွင်း ကမ္ဘာတစ်-ဝန်းမှာ ဆဲလ်ဖီရိုက်ရင်း သေဆုံးသူ ၂၅၀ ကျော်ရှိတယ်လို့ နယူးဒေလီမှာအခြေစိုက်တဲ့ အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ဆေးသိပ္ပံဌာနမှာတွဲဖက်ထားတဲ့ သုတေသီတွေရဲ့ လေ့လာမှုအသစ်တစ်ခုအရ သိရှိရပါတယ်။ အောက်တိုဘာ ၂၀၁၁ ကနေ နိုဝင်ဘာ ၂၀၁၇ အတွင်း ဆဲလ်ဖီရိုက်ရင်း သေဆုံးမှု ၂၅၉ ခုရဲ့ သတင်းအစီရင်ခံစာတွေကို ဆန်းစစ်ထားတဲ့ အဆိုပါ တွေ့ရှိချက်ကို ဇူလိုင်-၊ သြဂုတ်လထုတ် မိသားစုဆေးပညာနဲ့ ရှေးဦးသူနာပြုစုမှု ဂျာနယ်မှာ ဖော်ပြထားပါတယ်။
အဆိုပါသေဆုံးမှု ၂၅၉ ခုအနက် အဓိက သေဆုံးကြရတဲ့အကြောင်းကတော့ ရေနစ်ခြင်းကြောင့်ဖြစ်ပြီး အဲဒီနောက်မှာတော့ လာနေတဲ့ရထားရှေ့မှာ ဆဲလ်ဖီရိုက်တာလိုမျိုးဖြစ်ရပ်တွေနဲ့ အမြင့်ကနေ ပြုတ်ကျတာတွေဖြစ်ပါတယ်။ အခြားသေဆုံးတဲ့ အကြောင်းတွေမှာတော့ တိရစ္ဆာန်၊ သေနတ်နဲ့ ဓာတ်လိုက်တာတွေလည်း ပါရှိပါတယ်။
"ဆဲလ်ဖီရိုက်ရင်းသေဆုံးမှုဟာ ပြည်သူတွေရဲ့ အဓိက ကျန်းမာရေးပြဿနာတစ်ခု ဖြစ်လာပြီ" လို့ အဆိုပါလေ့လာမှုကို ဦးဆောင်သူ အာဂမ်ဘန်ဆယ်လ်က ဝါရှင်တန်ပို့စ်ကို ပြောကြားပါတယ်။
နိုင်ငံတွေအားလုံးထဲမှာ သေဆုံးမှုအရေအတွက်အများဆုံးကတော့ အိန္ဒိယလို့ လေ့လာမှုက တွေ့ရှိရပေမယ့် ရုရှား၊ အမေရိကန်ပြည်ထောင်စုနဲ့ ပါကစ္စတန်နိုင်ငံတွေမှာ သေဆုံးမှုဖြစ်ရပ်တွေကလည်း များလှပါတယ်။ ဆဲလ်ဖီရိုးရိုးရိုက်တာ သေစရာမဟုတ်ပေမယ့် ပုံကောင်းကောင်းရဖို့ကြိုးစားရင်း လူတွေက စွန့်စားတာကြောင့် ဘေးအန္တရာယ်များတာလို့ ဘန်ဆယ်လ်ကလေ့လာမှုမှာ ရေးသားထားပါတယ်။
"လူတွေက ဖေ့စ်ဘွတ်ခ်၊ တွစ်တာနဲ့ ဆိုရှယ်မီဒီယာတွေမှာ ူငုန များများလိုချင်တာကြောင့် ဆဲလ်ဖီပုံကောင်းကောင်းလေး လိုချင်တော့ အခုလိုမျိုး သေဆုံးတဲ့ အရေအတွက်က များလာတာပေါ့။ ဒီလိုကိစ္စအတွက် အသက်တစ်ချောင်းပေးလိုက်ရတာ မတန်ဘူးလို့ ကျွန်တော်ကတော့ထင်တယ်" လို့ ဘန်ဆယ်လ်က ပြောပါတယ်။
ဆဲလ်ဖီရိုက်ရင်း သေဆုံးသူတွေထဲမှာ လူငယ်တွေ ဘယ်လောက်များများပါတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဘန်ဆယ်လ်က စိုးရိမ်ပူပန်တယ်လို့ ပြောတယ်။ သေဆုံးသူတွေရဲ့ ၈၅ ရာခိုင်နှုန်းကျော်ဟာ အသက် ၁၀ နှစ်နဲ့ ၃၀ နှစ်ကြားဖြစ်တယ်လို့ သူက ပြောပါတယ်။
လေ့လာမှုမှာ ဖော်ပြထားတဲ့ သေဆုံးမှုအရေအတွက်ဟာ များတယ်လို့ထင်ရပေမဲ့ သတင်းပို့မထားလို့ မှတ်တမ်းမှတ်ရာမရှိတဲ့ သေဆုံးမှုတွေ နောက်ထပ် အများကြီးရှိနိုင်တယ်လို့ ဘန်ဆယ်လ်က ပြောပါတယ်။ ၂၀၁၈ ခုနှစ် တစ်နှစ်တည်းမှာတင် ဆဲလ်ဖီရိုက်ရင်း သေဆုံးမှုများစွာရှိနေပါပြီ။ မေလတုန်းက အိန္ဒိယမှာနေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ ဒဏ်ရာရထားတဲ့ ဝက်ဝံတစ်ကောင်နဲ့ ဆဲလ်ဖီရိုက်ဖို့ ကြိုးစားခဲ့တာ သေဆုံးတဲ့အထိ ကုတ်ဖဲ့ခံခဲ့ရတယ်လို့ သည်အင်ဒီပန်းဒန့်မှာ သတင်းဖော်ပြခဲ့ပါတယ်။ စက်တင်ဘာလထဲမှာတော့ ဆဲလ်ဖီရိုက်ရင်း လူသေဆုံးမှုနှစ်ခု အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ခဲ့ပါတယ်။
စက်တင်ဘာ ၅ ရက်တုန်းက ဂျေရုဆလင်က အသက် ၁၈ နှစ်အရွယ် အပျော်ခြေလျင်ခရီးထွက်သူတစ်ဦးဟာရိုဆေးမိုက်တ် အမျိုးသားဥယျာဉ်က ပေ ၈၀ဝ ကျော်မြင့်တဲ့ ချောက်ကမ်းပါးကနေပြုတ်ကျပြီး သေဆုံးခဲ့ပါတယ်။ သူဟာ ဥယျာဉ်ထဲမှာရှိတဲ့ နာမည်ကျော် ရေတံခွန် နီဗားဒါးရဲ့ အစွန်းမှာ ဆဲလ်ဖီရိုက်ဖို့ကြိုးစားရင်း ပြုတ်ကျခဲ့တာလို့ လူငယ်ရဲ့မိခင်က ပြောပါတယ်။
ဆဲလ်ဖီရိုက်ရင်း အသက်ဆုံးရှုံးမှုကို ကာကွယ်ဖို့ ဖြစ်နိုင်တဲ့ နည်းလမ်းတစ်ခုက ]ဆဲလ်ဖီမရိုက်ရနယ်မြေ} သတ်မှတ်ကာ ရေအစုအဝေးရှိတဲ့နေရာတွေ၊ တောင်ထိပ်တွေ၊ အဆောက်အအုံအမြင့်ကြီးတွေရဲ့ ထိပ်ဖျားလိုမျိုး အချို့သော နေရာတွေကို တားမြစ်ထားဖို့ဖြစ်တယ်လို့ ဘန်ဆယ်လ်က ပြောပါတယ်။ အန္တရာယ်ရှိတဲ့ နေရာတွေမှာ ဆဲလ်ဖီမရိုက်ဖို့ လူတွေကို တားမြစ်တဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို အိန္ဒိယ၊ ရုရှားနဲ့ အင်ဒိုနီးရှားအပါအဝင် နိုင်ငံအတော်များများမှာ ကြိုးပမ်းဆောင်ရွက်နေပြီလို့ သူက ပြောပါတယ်။
ဆဲလ်ဖီရိုက်ရင်း သေဆုံးမှုများလာတာကြောင့် အိန္ဒိယ နိုင်ငံတစ်ဝန်းလုံးမှာ ]ဆဲလ်ဖီမရိုက်ရ နယ်မြေ} ၁၆ ခုကို ၂၀၁၆ ခုနှစ်တုန်းက မွမ်ဘိုင်းမှာ ထုတ်ပြန်ကြေညာခဲ့တယ်လို့ သည်ဂါးဒီးယန်း သတင်းစာမှာ ဖော်ပြထားပါတယ်။ ယခုနှစ် အစောပိုင်းတုန်းကလည်း အင်ဒိုနီးရှားရှိ အမျိုးသားပန်းခြံတစ်ခုမှာ ဆဲလ်ဖီရိုက်ရင်း ခရီးသွားတစ်ဦးသေဆုံးခဲ့ပြီးနောက် ဓာတ်ပုံရိုက်ကူးဖို့ အန္တရာယ်ကင်းတဲ့နေရာဖန်တီးပေးဖို့ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ကြေညာခဲ့တယ်လို့ ဂျကာတာပို့စ်မှာ ရေးသားထားပါတယ်။


















