တရုတ်ရဲ့ သတိကြီးစွာနဲ့ဆောင်ရွက်နေတဲ့ ခေတ်သစ် အုပ်ချုပ်ရေး

တရုတ်ရဲ့ သတိကြီးစွာနဲ့ဆောင်ရွက်နေတဲ့ ခေတ်သစ် အုပ်ချုပ်ရေး

တရုတ်နိုင်ငံက မတူညီတဲ့ ဒေသတွေမှာ နိုင်ငံရေးနဲ့ စီးပွားရေးကြားက ရှုပ်ထွေးတဲ့ဆက်ဆံရေးတွေရှိနေလို့ အကဲဖြတ်ဖို့ မလွယ်ပြန်ဘူး။ ဗဟိုချုပ်ကိုင်မှုလျှော့ချတာက ထူးချွန်တဲ့ စိတ်နှစ်ပြီးလုပ်တတ်တဲ့ ဒေသခံ အာဏာပိုင်တွေအတွက် ကောင်းတယ်။

လွန်ခဲ့တဲ့ငါးနှစ်က တရုတ်ခေါင်းဆောင်တွေဟာ ခေတ်သစ်အုပ်ချုပ်ရေး ပြုပြင်မှုကို အဓိကထားပြီး ဆောင်ရွက်ခဲ့တယ်။ ဒီပြုပြင်မှုရဲ့ပန်းတိုင်က တဖြည်းဖြည်း ကြီးမားလာတဲ့ တရုတ် စီးပွားရေးကို အထောက်အကူပြုပြီး စွန့်စားရမှု လျော့ကျစေဖို့ဖြစ်တယ်။ ဒီပန်းတိုင်ကို ရောက်ဖို့က မလွယ်ပါဘူး။ ဘယ်လို အောင်မြင်အောင်လုပ်မလဲဆိုတာ သိရဖို့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက တရုတ်အစိုးရ ဘာတွေ လုပ်ခဲ့သလဲဆိုတာ ပြန်ကြည့်ဖို့လိုတယ်။ နိုင်ငံတစ်နိုင်ငံကို အုပ်စိုးဖို့ နိုင်ငံရေးအရ ဗဟိုချုပ်ကိုင်မှုနဲ့ စီးပွားရေးကို ဗဟိုချုပ်ကိုင်မှုကနေ ကင်းလွတ်ခွင့်ပြုဖို့လိုတယ်။ တရုတ်ရဲ့ အံ့မခန်း ဝင်ငွေတိုးတက်လာမှုက အာဏာကို ဗဟိုအစိုးရက ချုပ်ကိုင်ထားပြီး စီးပွားရေးကို ဒေသခံအာဏာပိုင်တွေကို တာဝန်လွှဲအပ်ထားတာကြောင့် ဖြစ်တယ်။

ဒီလို ညီညီမျှမျှဖြစ်နေဖို့က မလွယ်ဘူးဆိုတာ မကြာခဏတွေ့ရတယ်။ ဥပမာပြောရရင် တရုတ်စီးပွားရေးကို ပြည့်ပြည့်စုံစုံ ကြိုတင်စီစဉ်ထားတဲ့ ကာလတုန်းက တရုတ် ခေါင်းဆောင်ကြီး မော်စီတုံးဟာ ဒေသခံအာဏာပိုင်တွေ လက်ထဲကို နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေကို ခဏ အပ်ထားခဲ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေသခံ အစိုးရ တွေက စက်မှုဝန်ကြီးဌာနထက်ပိုပြီး ဒေသခံပေးသွင်းသူ တွေကို ကောင်းကောင်းကိုင်တွယ်နိုင်လို့ ဖြစ်တယ်။ ဒါပေမဲ့ နှစ်အနည်းငယ်အတွင်းမှာပဲ ဒီစနစ်က အတော်ကို ဆိုးရွားလာတာကြောင့် ဗဟိုအစိုးရက လုပ်ပိုင်ခွင့်ကို ပြန်လက်လွှဲယူခဲ့ရတယ်။

၁၉၇၈ ခုနှစ်မှာတော့ တရုတ်ခေါင်းဆောင်သစ် တိန့်ရှောင်ဖိန်က ဒေသခံအစိုးရတွေကို လုပ်ပိုင်ခွင့်ပေးရုံ မကဘဲ ငွေကြေးဆိုင်ရာ စာချုပ်ချုပ်ဆိုကာ သူတို့ရဲ့ ငွေကြေးရှာဖွေနိုင်စွမ်းနဲ့ ပြည်တွင်းထုတ်ကုန်တန်ဖိုးကို ထောက်ပံ့နိုင်စွမ်း တိုးမြှင့်ပေးခဲ့တယ်။ ဒီအကြံကလည်း ခဏပဲ အလုပ်ဖြစ်ခဲ့ပြီး ငွေကြေးကို ဗဟိုချုပ်ကိုင်မှု လျော့နည်းလာချိန်မှာ တရုတ်အစိုးရရဲ့ သြဇာကျဆင်း လာပြီး အကြီးစားစီးပွားရေး တည်ငြိမ်မှုကို ထိခိုက်လာ တဲ့အတွက် အခက်ကြုံရပြန်တယ်။ ရလဒ်ကတော့ ၁၉၉၄ ခုနှစ်မှာ ဗဟိုအစိုးရဟာ အစိုးရအချင်းချင်း ငွေကြေးအရ ပတ်သက်မှုကို ပြန်လည်သုံးသပ်ခဲ့ရတယ်။ ဒီလိုနဲ့ အခြေအနေက ဒုံရင်းပြန်ဖြစ်ခဲ့ပြီး ဗဟိုအစိုးရက အခွန် အများစုကိုရပြီး ပြည်နယ်အစိုးရတွေက နည်းနည်းပဲ ရတော့တယ်။

ဒီလိုဖြစ်တာဟာ ဗဟိုအစိုးရကို အင်အားပိုကြီးစေ ပေမဲ့ ပြည်နယ်အစိုးရတွေကတော့ ထိခိုက်နစ်နာနေရပြီး ဗဟိုအစိုးရက ရသုံးမှန်းခြေငွေစာရင်းရဲ့ ၈၀ ရာခိုင်နှုန်း အသုံးပြုနေတာကို တွေ့ရတယ်။ တခြားနည်းနဲ့ပြောရရင် ငွေကြေးအရ ပတ်သက်မှုကို ပြန်သုံးသပ်လိုက်တာဟာ ဗဟိုနဲ့ ဒေသခံအစိုးရတွေရဲ့ သုံးငွေကို ချိန်ညှိမပေးနိုင် ဘူး။ ဒီနေ့အထိ ပြည်နယ်အစိုးရတွေဟာ လိုငွေကို ကာမိဖို့ ဘတ်ဂျက်ပြင်ပ အပိုငွေတွေကို နည်းမျိုးစုံနဲ့ ရှာဖွေနေရတယ်။

ဗဟိုအစိုးရက ဒေသခံအစိုးရကို ရွေးချယ်ခန့်အပ်တာ ဖြစ်တာကြောင့် ပြည်နယ်ခေါင်းဆောင်တွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး မဆွေးနွေးရဲဘူး။ ၁၉၉၄ ခုနှစ်ကတည်းက ဗဟိုအစိုးရက စွမ်းဆောင်မှုအပေါ် မူတည်ပြီး ရာထူး တိုးပေးတဲ့စနစ်ကို ကျင့်သုံးလာတာကြောင့် ဒေသခံ ခေါင်းဆောင်တွေဟာ ယှဉ်ပြိုင်နေကြတယ်။ ဒါဟာ တရုတ်ရဲ့ ]ဒေသတွင်း ဗဟိုချုပ်ကိုင်မှုမရှိတဲ့ အာဏာရှင် စနစ်}ကို ပိုနားလည်စေမယ့် အချက်ဖြစ်တယ်။

ဒေသခံ အာဏာပိုင်တွေယှဉ်ပြိုင်မှုဟာ အကောင်း အဆိုးရလဒ်ရောနေတာကြောင့် ဒီစနစ်ကို အကဲဖြတ်ဖို့ မလွယ်ဘူး။ ဒီစနစ်ကြောင့် တရုတ်ရဲ့ မျှော်မှန်းချက်တွေ ပြည့်မီလာပေမဲ့ ဗဟိုခေါင်းဆောင်တွေက ဒေသခံ ခေါင်းဆောင်တွေရဲ့ လိုသလိုသုံးတဲ့ အာဏာတွေ၊ ရန်ပုံငွေထောင်ဖို့ အခွင့်အရေးနဲ့ ရင်းနှီးမြှုပ်နှံဖို့ကို ထောက်ပံ့ ပေးရမယ်။ ကိစ္စတော်တော်များများမှာတော့ ဒေသခံ အာဏာပိုင်တွေက အလွဲသုံးစားလုပ်မှာပဲ။ ဥပမာပြောရရင် ဒေသခံအာဏာပိုင်တွေက စီးပွားရေးအရ မလိုအပ်တဲ့ ပုံရိပ်မြှင့်တင်ရေး စီမံကိန်းတွေကို အရင်းအမြစ်တွေ ထောက်ပံ့ပြီး သူတို့ ကဏ္ဍအရေးပါ လာအောင် လုပ်တတ်ကြတယ်။ ဒါဟာ ရေတိုအတွက် အဆင်ပြေပေမဲ့ မအောင်မြင်တဲ့ ရင်းနှီးမှုတွေက ရေရှည်မှာ အကြီးစား စီးပွားရေးတည်ငြိမ်မှုကို ထိခိုက်စေနိုင်တယ်။

တရုတ်နိုင်ငံက မတူညီတဲ့ ဒေသတွေမှာ နိုင်ငံရေးနဲ့ စီးပွားရေးကြားက ရှုပ်ထွေးတဲ့ဆက်ဆံရေးတွေရှိနေလို့ အကဲဖြတ်ဖို့ မလွယ်ပြန်ဘူး။ ဗဟိုချုပ်ကိုင်မှုလျှော့ချတာက ထူးချွန်တဲ့ စိတ်နှစ်ပြီးလုပ်တတ်တဲ့ ဒေသခံအာဏာပိုင်တွေအတွက် ကောင်းတယ်။ ဒါပေမဲ့ သူတို့ဟာ စီးပွားရေးသမားတွေနဲ့လည်း လက်ဝါးချင်းရိုက်ပြီး ခိုးကြောင်ခိုးဝှက် လုပ်နေနိုင်တယ်။ ပြည်နယ်အဆင့်မှာ ထင်ပေါ်ဖို့ ရာထူးနိမ့်သူတွေဟာ သူတို့ရဲ့ အာဏာကိုသုံးပြီး သူတို့စိတ်ဝင်စားမှုတွေကို မြှင့်တင်ဖို့လုပ်ကြတယ်။ တစ်ချိန်တည်းမှာပဲ စီးပွားရေးသမားတွေက သူတို့နဲ့ တရားမဝင်ပေါင်းပြီး အခွင့်ထူးခံဖြစ်အောင် ကြိုးစားကြတဲ့အတွက် ငွေကြေးအရ စွန့်စားမှုတွေဖြစ်လာတယ်။

ဗဟိုအစိုးရအတွက် အာဏာကို ခွဲတမ်းချဖို့က  ဆုပ်လည်းစူး၊ စားလည်းရူးဆိုသလိုပါပဲ။ ပိုထိန်းချုပ်ရင် တိုးပွားမှုကို ထိခိုက်သလို ပြန့်ပွားနေတဲ့ ခြစားမှုကို မထိန်းချုပ်နိုင်ရင်လည်း အဆင်မပြေပါဘူး။ ဒါပေမဲ့ ဖြေရှင်းဖို့က ထင်သလောက်မလွယ်ဘူး။ ၂၀၁၂ ခုနှစ်မှာ ရှီကျင့်ဖျင် သမ္မတဖြစ်လာကတည်းက ဒေသခံအာဏာပိုင်တွေက ရဲရဲတင်းတင်း မလုပ်ကိုင်ရဲ တာကြောင့် တရုတ်ရဲ့ စီးပွားရေးက ခြုံကြည့်မယ်ဆိုရင် တိုးတက်မလာဘူး။

ပြဿနာကတော့ ဗဟိုအစိုးရက သူ့အရာရှိတွေကို ပိုပိုပြီး တာဝန်ခံမှုရှိအောင် တိုက်တွန်းလိုက်တာပါပဲ။ တရုတ်အစိုးရက ဘေးကျပ်နံကျပ် ကာလတွေကနေ အြွေကးကို ကာကွယ်တာနဲ့ ဘဏ္ဍာရေး မတည်ငြိမ်တာကို ကာကွယ်နိုင်တာ စတဲ့ အားသာချက်တွေရပေမဲ့ ဒါက စီးပွားရေးတိုးတက်မှုအတွက် လေ့လာဆန်းစစ်မှုလုပ်တာကို ပိတ်ပစ်သလိုဖြစ်နေတယ်။

ဒေသခံ အာဏာပိုင်တွေကို ဝေဖန်အကဲဖြတ်တဲ့ နေရာမှာ ပြည်တွင်းထုတ်ကုန်တန်ဖိုး (GDP) ကိုသာ အဓိကမထားရင် သူတို့က အာဏာကို အလွဲသုံးစားလုပ်မှာမဟုတ်ဘူး။ ဒါပေမဲ့ တာဝန်ခံမှုနဲ့ အကဲမဖြတ်ရင်လည်း ဘယ်လိုစောင့်ကြည့်မလဲ။ တာဝန်ယူ တာဝန်ခံမှုကို တစ်ထစ်လျှော့ချဖို့တော့ လိုနေပြီထင်တယ်။

အုပ်ချုပ်ပုံကို ခေတ်မီအောင် ပြုပြင်ပြောင်းလဲရမယ်လို့ တွေးတာ တရုတ်ခေါင်းဆောင်တွေမှန်တယ်။ ဒါပေမဲ့ ဒီကိစ္စ အောင်မြင်ဖို့အတွက် သူတို့ရဲ့ ဒေသခံ အာဏာပိုင် တွေအပေါ် ချဉ်းကပ်ပုံကို ပြန်ဆန်းစစ်ဖို့လိုတယ်။ ဒီပြောင်းလဲမှုက စွန့်စားရမှာဖြစ်ပေမဲ့ စီးပွားရေးတိုးတက်မှုနဲ့ လိုက်လျောညီထွေရှိစေမယ့် အစိုးရအဖြစ် ပြောင်းလဲဖို့တော့ တန်ပါတယ်။

(ဤဆောင်းပါးသည် Zhang Jun ၏ အာဘော်သာဖြစ်သည်။ သူသည် Fudan တက္ကသိုလ် School of Economics ၏ မဟာဌာနမ·းဖြစ်သည်။ ရှန်ဟိုင်းမြို့အခြေစိုက် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အကြံပေးအဖွဲ့ တစ်ခုဖြစ်သည့် China Centre for Economic Studies ၏ညွှန်ကြားရေးမှူးလည်းဖြစ်သည်။) (Project Syndicate)

သောင်းညွန့် ဘာသာပြန်သည်။