ဆိုးလ် ” မြောက်ကိုရီးယားနိုင်ငံကို ၎င်း၏ နျူကလီးယားလက်နက် ထုတ်လုပ်မှု ရပ်ဆိုင်းရန် သဘောတူညီချက် ညှိုနှိုင်းမှုတွင် သိသာထင်ရှားသော တိုးတက်မှုရရှိခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုက အောက်တိုဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။ အရေးပါသော လုပ်ငန်းစဉ်အချို့ ဆောင်ရွက်ရန် ကျန်ရှိနေသေးသည့်အချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့၏ ဒုတိယ အကြိမ် ထိပ်သီးတွေ့ဆုံပွဲပြီးနောက် ထွက်ပေါ်လာမည့် ရလဒ်ကို မျှော်လင့်လျက်ရှိကြောင်း မိုက်ပွန်ပီယိုက ပြောကြားခဲ့သည်။
"ကျွန်တော်တို့ သိသာတဲ့ တိုးတက်မှုကို ရရှိခဲ့ပါတယ်။ ဒီတိုးတက်မှုကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး အချိန် တိုတိုအတွင်း လုပ်ငန်းစဉ်ကို တိုးတက်အောင် ဆောင်ရွက်သွားပါမယ်" ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
နျူကလီးယားလက်နက် ကင်းမဲ့ရေး၏ အခြေခံ လက်တွေ့ကျသော အသေးစိတ် အချက်အလက်များကို စတင်လုပ်ကိုင်သည့်အဆင့်သို့ စတင်ရန် ၎င်းနှင့် ကင်ဂျုံအန်း သဘောတူညီခဲ့ခြင်း၊ မြောက်ကိုရီးယား အဓိက နျူကလီးယား လက်နက်ထုတ်လုပ်ရေး စက်ရုံများတွင် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး နေရာချထားခြင်းနှင့် ကင်ဂျုံအန်းနှင့် အမေရိကန်သမ္မတထရမ့် နောက်ထပ် ထိပ်သီးတွေ့ဆုံပွဲ ကျင်းပမည့်အချိန် နေရာတို့နှင့်စပ်လျဉ်းပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက အသေးစိတ် ပြောကြားခဲ့ခြင်းမရှိခဲ့ကြောင်း သိရသည်။
တစ်ကမ္ဘာလုံး စိုးရိမ်ပူပန်နေသော ပြဿနာများကို ဖြေရှင်းရာတွင် ကြီးမားသော တိုးတက်မှုရှိစေရန်နှင့် အမေရိကန်နှင့် မြောက်ကိုရီးယား ဒုတိယအကြိမ်တွေ့ဆုံမှုတွင် ရည်မှန်းချက်များပြည့်ရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ၎င်း၏ ခံယူချက်သဘောထားကို ထုတ်ဖော်ပြသခဲ့သည်ဟု မြောက်ကိုရီးယား နိုင်ငံပိုင် ကေစီအင်န်အေ သတင်းအေဂျင်စီက အောက်တိုဘာ၈ ရက်တွင် ပြောကြားခဲ့သည်။
ဆွေးနွေးညှိနှိုင်းမှုသည် အကျိုးရှိခဲ့ပြီး နှစ်ဦးနှစ်ဖက် အပြန်အလှန် နားလည်သဘောပေါက်ခဲ့ကာ ထင်မြင်ယူဆချက်များကို ဖလှယ်ခဲ့ကြကြောင်း အောက်တိုဘာ၈ ရက် အစောပိုင်းတွင် ကေစီအင်န်အေ သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုးဆန်ဟူးနှင့် ခရီးစဉ်တွင်အတူလိုက်ပါခဲ့သည့် မြောက်ကိုရီးယား အမေရိကန်အထူးကိုယ်စားလှယ် စတီဖင် ဘီဂန်ကို ကင်ဂျုံအန်းက မြောက်ကိုရီးယားနိုင်ငံ အထူးသံတမန်အသစ်အဖြစ် တာဝန်ပေးသွားဖွယ်ရှိကြောင်း တရုတ်နိုင်ငံတွင် တရုတ်အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးပွဲအတွက် မသွားရောက်ခင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ပွန်ပီယိုက ပြောကြားခဲ့သည်။
အောက်တိုဘာ ၇ ရက်တွင် ပြုံယန်း၌ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုတို့ အချိန်သုံးနာရီခွဲကျော်ကြာ တွေ့ဆုံခဲ့ကြောင်းသိရသည်။ ပြုံယန်းသို့ မလာရောက်မီ ဂျပန်ဝန်ကြီးချုပ်နှင့် မိုက်ပွန်ပီယိုတို့ တိုကျိုမြို့တော်တွင် တွေ့ဆုံခဲ့ပြီး အမေရိကန် မဟာမိတ်များနှင့် နျူကလီးယား လက်နက်ကင်းမဲ့ရေးအတွက် ၎င်း၏ မဟာဗျူဟာကို အမေရိကန်အစိုးရက ပူးပေါင်းဆောင်ရွက်သွားမည်ဟု မိုက်ပွန်ပီယိုက ကတိပြုခဲ့သည်။

















