အင်ဒို ငလျင်ဘေး သေဆုံးသူ ၂,ဝ၁၀ အထိရှိလာ

အင်ဒို ငလျင်ဘေး သေဆုံးသူ ၂,ဝ၁၀ အထိရှိလာ

ပါလူး  (အင်ဒိုနီးရှား)-အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းတွင် စက်တင်ဘာ ၂၈ ရက်က လှုပ်ခဲ့သော ငလျင်ကြီးနှင့် ဆူနာမီလှိုင်းဒဏ်ကြောင့် သေဆုံးသူဦးရေ ၂,၀၁၀ အထိ တိုးလာကြောင်း သဘာဝဘေးအေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ ဆူတိုပို ပူဝူးနူဂရိုပိုက အောက်တိုဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဘုတ်အဖွဲ့အကြီးအကဲ ဝီလမ် ရမ်ပန်ဂီလိုင်က ပြောကြား ရာတွင် ငလျင်ဒဏ်အပြင်းထန်ဆုံး ခံခဲ့ရသည့် ပါလူးမြို့နှင့် အနီးဆုံးရပ်ကွက်နှစ်ခုဖြစ်သော ဘာလာရိုအာနှင့် ပီတိုဘို ရပ်ကွက်တို့တွင် မြေကြီးထဲမြုပ်နေသူ ၅,ဝ၀ဝ ခန့်ရှိနိုင်သေးသည်ဟု ဆိုသည်။ ဂျကာတာမြို့တွင် အောက်တိုဘာ ၈ ရက်ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီ အကြီးအကဲက ပါလူးဒေသတွင် မြေပျော့နေမှုကြောင့် အဆောက်အအုံများ ထပ်မံဆောက်လုပ်ရန် မသင့်တော်တော့ကြောင်း အတည်ပြုပြောကြားခဲ့သည်။

"ပီတိုဘိုနဲ့ ဘာလာရိုအာ ရပ်ကွက်တွေမှာ အိမ်တွေပြန်ဆောက်ဖို့ကတော့ မဖြစ်နိုင်ဘူး။ မြေက အတော်လေးကို ပျော့နေတယ်"ဟု ပြောကြားခဲ့သည်။ ယင်းဒေသများတွင် ပျောက်ဆုံးနေသူများ၏ အလောင်းများကို ရှာဖွေရာ၌ မြေပျော့လွန်းသဖြင့် ယန္တရားကြီးများ မြေကြီးထဲသို့ နစ်မြုပ်သွားမည်ကို စိုးရိမ်နေရသဖြင့် အခက်အခဲကြုံနေရသည်။ အစိုးရကလည်း အလောင်းများအစုလိုက် အပြုံလိုက်မြှုပ်ရန် စဉ်းစားလျက်ရှိသည်။

တင်စိန် ဘာသာပြန်သည်။