အိန္ဒိယ အရှေ့ဘက်ကမ်းရိုးတန်းကို အားပြင်း ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်၊ နှစ်ဦး သေဆုံး

အိန္ဒိယ အရှေ့ဘက်ကမ်းရိုးတန်းကို အားပြင်း ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်၊ နှစ်ဦး သေဆုံး

အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းဒေသသို့ အောက်တိုဘာ ၁၁ တွင် အားပြင်း ဆိုင်ကလုန်းမုန်တိုင်း တီလီ ဝင်ရောက်တိုက်ခတ်မှုကြောင့် နေအိမ်များပျက်စီး၊ သစ်ပင်နှင့် ဓာတ်တိုင်များ လဲပြိုကာ လက်ရှိအချိန်ထိ သေဆုံးသူ နှစ်ဦးရှိသွားပြီဖြစ်ကြောင်း သိရသည်။

ဆိုင်ကလုန်း တီလီသည် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ချိန်တွင် လေတိုက်နှုန်း တစ်နာရီ ၁၅၀ ကီလိုမီတာ (၉၅ မိုင်) ရှိကြောင်း အိန္ဒိယ မိုးလေဝသဌာနက ထုတ်ပြန်ကြေညာထားသည်။ သြရိသပြည်နယ် ကမ်းရိုးတန်းတစ်လျှောက်နှင့် အိမ်နီးချင်း အန်ဒရာ ပရာဒက်ရှ် ပြည်နယ် ကမ်းရိုးတန်းတို့တွင် အများဆုံး ထိခိုက်ခဲ့သည်။

အမြစ်ကျွတ်ထွက်ကာ လွင့်လာသော သစ်ပင်ထိမှန်သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးကာ၊ အိမ်ပြိုကျမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးကြောင်း အန်ဒရာ ပရာဒက်ရှ်ပြည်နယ် အလုပ်သမားဝန်ကြီး ကင်ဂျာရာပူ အာဟန် နိုင်ဒူက ပြောသည်။ အထက်ပါပြည်နယ်နှစ်ခုတွင် ကျောင်းများ ပိတ်ထားရပြီး၊ လေကြောင်းနှင့် ရထားပို့ဆောင်ရေးများလည်း ထိခိုက်ခဲ့ရသည်။ စားနပ်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ဖြည့်တင်းထားသော ဆိုင်ကလုန်းနှင့် ရေဘေး ခိုလှုံရေးစခန်း ၈၀ဝ ကို အာဏာပိုင်များက အသင့်ပြင်ဆင်ပေးထားကြောင်း သိရသည်။

အောက်တိုဘာ ၁၂ တွင် ဆိုင်ကလုန်းသည် အားပျော့သွားဖွယ်ရှိကြောင်း အိန္ဒိယ မိုးလေဝသဌာနက ခန့်မှန်းထားသည်။ သြရိသပြည်နယ်သည် ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ထွန်းသည့် ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံရနိုင်ခြေ အများဆုံးပြည်နယ်တစ်ခုဖြစ်သည်။ ၁၉၉၉ ခုနှစ်က ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူ ၁၅၀ဝ၀ ကျော် သေဆုံးခဲ့ရသည်။