ကုန်သွယ်ရေးစစ်အတွင်း တရုတ်နိုင်ငံက စီးပွားရေးကို မြှင့်တင်ရန်ကြိုးပမ်း

ကုန်သွယ်ရေးစစ်အတွင်း တရုတ်နိုင်ငံက စီးပွားရေးကို မြှင့်တင်ရန်ကြိုးပမ်း

အမေရိကန်နိုင်ငံနှင့် ဖြစ်ပွားနေသော ကုန်သွယ်မှုစစ်ပွဲ အကျိုးသက်ရောက်မှုကြောင့် စီးပွားရေးလည်ပတ်မှု နှေးကွေးလာခြင်းကို ကာကွယ်ရန် တရုတ်နိုင်ငံက နှစ်ဆမြှင့်တင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ရာစုနှစ် တစ်ဝက် ကာလအတွင်း အလုပ်လက်မဲ့နှုန်းကို အနိမ့်ဆုံးအဆင့် လျှော့ချရန် ဆောင်ရွက်လျက်ရှိပြီး တစ်ဟုန်ထိုး တိုးတက်လာသည့် အမေရိကန်စီးပွားရေးနှင့် အဆိုပါ တရုတ် စီးပွားရေး လည်ပတ်မှု နှေးကွေးလာမှု သိသိသာသာ ခြားနားလျက်ရှိသည်။ မကြာသေးမီ ရက်သတ္တပတ်များအတွင်း ကုန်သွယ်ရေးအငြင်းပွားမှုနှင့် ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးရန် တရုတ်နိုင်ငံက ကမ်းလှမ်းမှုကို အမေရိကန်နိုင်ငံက ပယ်ချခဲ့ပြီး တရုတ်နိုင်ငံ၏ ကမ်းလှမ်းမှုများကို ယုံကြည်မှုနည်းကြောင်း ယခုအချိန်တွင် ဆွေးနွေးညှိနှိုင်း နိုင်ခြင်းမရှိသေးကြောင်း အမေရိကန်က ထုတ်ပြန်ခဲ့သည်။ အောက်တိုဘာ ၉ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့တော်၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုတို့ တွေ့ဆုံခဲ့စဉ်တွင် "တရုတ်နိုင်ငံကို ဦးတည်ပြီး ကုန်သွယ်ရေးပဋိပက္ခ အဆက်မပြတ် မြင့်တက်လာနေကြောင်း" တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီက အမေရိကန်ကို ပြစ်တင်ဝေဖန်ခဲ့သည်။

ယခုနှစ် မေလမှ စတင်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အခွန်သစ်များ တိုးမြှင့်စည်းကြပ်ခဲ့ပြီး နှစ်စဉ် အမေရိကန်နိုင်ငံသို့ တင်သွင်းလျက်ရှိသော တရုတ်ပို့ကုန် အမေရိကန်ဒေါ်လာ ၅၀၅ ဘီလျံတန်ဖိုးရှိ ကုန်များ၏ထက်ဝက်ခန့်ကို အကျိုးသက်ရောက်ခဲ့သည်။

အမေရိကန်သမ္မတ ထရမ့်နှင့် ၎င်း၏ ထောက်ခံအားပေးသူ ရီပတ်ဘလီကန်မဟာမိတ်များကို အထိနာစေခဲ့သော နိုင်ငံရေးဒဏ်ရာများ၊ အထူးသဖြင့် စိုက်ပျိုးရေးလုပ်ငန်းရပ်ဝန်းကြီးများတွင် ထိခိုက်ရန် သွင်းကုန် အခွန်သစ် ပြဋ္ဌာန်းခြင်းဖြင့် တရုတ်နိုင်ငံက ပြန်လည်တုံ့ပြန်ခဲ့သည်။ တရုတ်နိုင်ငံ၏ ကြုံတွေ့နေရသော အခက်အခဲနှင့် ပတ်သက်ပြီး အမေရိကန်အစိုးရက အမြတ်ဝင်ယူခဲ့သော်လည်း တရုတ်နိုင်ငံ၏ အဓိက ပြဿနာမှာ အခွန်များကြောင့်မဟုတ်ကြွေးမြီကိစ္စကြောင့်သာဖြစ်သည်ဟု စီးပွားရေး ပညာရှင်များက ပြောကြားခဲ့သည်။ ၂၀ဝ၈ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းပြီးနောက် စီးပွားရေးကြီးထွားလာမှုကို ထိန်းချုပ်ရန် ကုန်သွယ်ရေးတွင် ၎င်း၏မှီခိုမှု သုံးပုံတစ်ပုံခန့်ကို တရုတ်နိုင်ငံက လျှော့ချခဲ့ရသည်။

အောက်တိုဘာ ၇ ရက်နေ့တွင် တရုတ်ဗဟိုဘဏ်နှင့် တရုတ်ပြည်သူ့ဘဏ်တို့က ၂၀၁၈ ခုနှစ်တွင် စတုတ္ထအကြိမ် ဘဏ်များက သီးသန့်ထားသော ငွေပမာဏကို ချေးငွေသစ်အတွက် အမေရိကန်ဒေါ်လာ ၁၇၄ ဘီလျံကင်းလွတ်ခွင့်ပေးခဲ့သည်။ ယခုနှစ်အစောပိုင်းတွင် တရုတ်နိုင်ငံက ထုတ်ပြန်ကြေညာခဲ့သည့် အခွန်ဖြတ်တောက်မှုနှင့်အတူ အခွန်စည်းကြပ်မှုကြောင့် ဆုံးရှုံးမှုမှ တရုတ်စီးပွားရေးကို ကာကွယ်ရန် အဆိုပါလှုပ်ရှားကို ရေးဆွဲထားခြင်းဖြစ်သည်။

ဒုတိယသုံးလပတ်တွင် နှစ်စဉ် နှုန်းထား၏ ၆ ဒသမ ၇ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး တရုတ်အစိုးရ၏ တစ်နှစ် စီးပွားရေးတိုးတက်မှုနှုန်း သတ်မှတ်ချက် ပြည့်မီစေမည့် လမ်းကြောင်းပေါ်တွင် ရောက်ရှိသည်။ သို့သော် လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်း နှစ်နှစ်အတွင်း ကုန်မှာယူမှုစံချိန် အဆိုးဆုံးဖြစ်ခြင်း၊ သုံးစွဲသူ ဝယ်လိုအားနည်းပါးခြင်း စသည့် စီးပွားရေး အားနည်းမှု လက္ခဏာအချို့ ပေါ်ပေါက်လာခဲ့သည်။

ခန့်လင်းဦး ဘာသာပြန်သည်။