၂၀၁၈ခုနှစ် ပထမကိုးလအတွင်း အာဖဂန်၌ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသည့်အရပ်သားဦးရေ ၃၉ရာခိုင်နှုန်း အထိမြင့်တက်

၂၀၁၈ခုနှစ် ပထမကိုးလအတွင်း အာဖဂန်၌ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသည့်အရပ်သားဦးရေ ၃၉ရာခိုင်နှုန်း အထိမြင့်တက်

၂၀၁၈ခုနှစ် ပထမကိုးလအတွင်း အာဖဂန်နစ္စတန်နိုင်ငံ၌ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး သို့မဟုတ် ဒဏ်ရာရရှိသူဦးရေသည် ၃၉ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့ကြောင်း ကုလသမဂ္ဂက အောက်တိုဘာ၁၀ရက် အနှောင်းပိုင်းတွင်ထုတ်ပြန်ခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အာဖဂန်သား၆၄၉ဦးသေဆုံးခဲ့သည်။ ကုလသမဂ္ဂ အာဖဂန်နစ္စတန်ရှိကူညီရေးအဖွဲ့( UNAMA) က တိုက်ခိုက်မှုများကြောင့် သေဆုံးသူစာရင်းကို ကောက်ယူခဲ့သည့် ၂၀ဝ၉ခုနှစ်မှစ၍ တစ်နှစ်တာကာလအတွင်း သေဆုံးသူဦးရေထက်ပိုမိုများပြားခဲ့ခြင်းဖြစ်သည်။ အမေရိကန်နှင့်အာဖဂန်တပ်ဖွဲ့များက လေကြောင်းထိုးစစ်များကို တိုးမြှင့်ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီမှ စက်တင်ဘာအတွင်း တိုက်ခိုက်မှုမျိုးစုံကြောင့် အရပ်သားသေဆုံးမှုပမာဏစုစုပေါင်း၏ ၈ ရာခိုင်နှုန်းရှိနေသည်။ ယင်းကာလအတွင်း သေဆုံးခဲ့သည့် အရပ်သားဦးရေသည် ၂၇၉၈ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူဦးရေသည် ၅၂၅၂ဦးရှိခဲ့ကြောင်း UNAMA ကပြောဆိုခဲ့သည်။

အရပ်သားများ သေဆုံးမှု၏ ၅၁ရာခိုင်နှုန်းမှာ နိုင်ငံတကာတပ်ဖွဲ့များ၏ လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်ကြောင်း ကုလအစီရင်ခံစာတွင်ဖော်ပြထားသည်။ ၃၈ရာခိုင်နှုန်းမှာ အာဖဂန်တပ်ဖွဲ့ဝင်များ၏ လုပ်ရပ်ကြောင့်ဖြစ်သည်။ ၁၇နှစ်ကြာစစ်ပွဲအတွင်း အသာစီးရရှိရေးအတွက် အမေရိကန်ပြည်ထောင်စုနှင့်အာဖဂန်တပ်ဖွဲ့များသည် တာလီဘန်များနှင့်အိုင်အက်စ်အကြမ်းဖက်သမားများကို တိုက်ခိုက်မှုများတိုးမြှင့်ပြုလုပ်ခဲ့သည်။ ဇူလိုင်တွင်အမေရိကန်တပ်ဖွဲ့များသည် လက်နက်ကြီးများဖြင့် ၇၄၆ကြိမ်ပစ်ခတ်ခဲ့သည်။ ယင်းသည်၂၀၁၀ပြည့်နှစ်နိုဝင်ဘာမှစ၍ လက်နက်ကြီးဖြင့် အများဆုံးပစ်ခတ်ခဲ့သည့်လဖြစ်ခဲ့သည်။

၂၀၁၈ခုနှစ်ပထမကိုးလအတွင်း အသေခံဗုံးခွဲမှုများအပါအဝင် ပေါက်ကွဲစေတတ်သောပစ္စည်းများကြောင့် သေဆုံးသည့် အရပ်သားဦးရေသည် ၂၁ရာခိုင်နှုန်းမြင့်တက်ပြီး ၃၆၃၄ ဦးရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ အရပ်သားများအား သိသိကြီးနှင့်တိုက်ခိုက်ခြင်း၊ အရပ်သားနှင့် လက်နက်ကိုင်မခွဲခြားဘဲ တိုက်ခိုက်ခြင်းတို့သည် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကိုချိုးဖောက်နေသဖြင့် စစ်ရာဇဝတ်မှုနှင့်လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများဟု သတ်မှတ်နိုင်ကြောင်း UNAMA က အစောပိုင်းတွင် သတိပေးခဲ့ပြီးဖြစ်သည်။