နာမည်ကျော် ဆူကီဂျီငါးဈေးပိတ်သိမ်းပြီးနောက် ငါးဈေးသစ်တွင် တူနာငါး ပထမဆုံးလေလံပွဲပြုလုပ်

နာမည်ကျော် ဆူကီဂျီငါးဈေးပိတ်သိမ်းပြီးနောက် ငါးဈေးသစ်တွင် တူနာငါး ပထမဆုံးလေလံပွဲပြုလုပ်

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နှစ်ပေါင်း ၈၅နှစ်ကြာ သက်တမ်းရှိ နာမည်ကျော်ဆူကီဂျီငါးဈေးကိုပိတ်သိမ်းပြီး ရက်အနည်းငယ်အကြာတွင် ငါးဈေးသစ်၌ အောက်တိုဘာ၁၁ရက် အရုဏ်တက်ချိန်မတိုင်မီတွင် တူနာငါးလေလံပွဲကိုကျင်းပခဲ့သည်။

နေရာပြောင်းလဲခဲ့သော်လည်း ဓလေ့မှာမူယခင်အတိုင်းသာ ဖြစ်သည်။ ရေခဲရိုက်ထားသည့်တူနာငါးများကို ကြမ်းပြင်ပေါ်တွင်ချထားပြီး လေလံပွဲစတင်ပြီဖြစ်ကြောင်း ခေါင်းလောင်းတီး၍ ကြေညာခဲ့သည်။

အောက်တိုဘာ၇ရက်တွင် ဆူကီဂျီငါးဈေးဟောင်းနေရာ၌ နောက်ဆုံးလေလံပွဲကျင်းပခဲ့သည်။ ငါးဈေးသစ်သို့ပြောင်းရွှေ့မှုများနှင့်ပတ်သက်၍လည်း အငြင်းပွားမှုများရှိနေဆဲဖြစ်သည်။ ဆူကီဂျီကိုနေရာသစ်သို့ ပြောင်းရွှေ့သင့်နေပြီဖြစ်ကြောင်း ပြောဆိုမှုများလည်းရှိနေသည်။ ထို့ပြင်ငါးဈေးဟောင်း၏ မီးဘေးလုံခြုံရေးစနစ်ခေတ်မမီတော့ခြင်းနှင့် ကျန်းမာရေးနှင့်ညီသော ငါးသိုလှောင်မှုစနစ်ကိုလိုအပ်နေကြောင်း ပြောဆိုမှုများလည်းရှိခဲ့ပြန်သည်။

ဆန့်ကျင်ဘက်အားဖြင့်ငါးဈေးသစ်သည် တိုယိုဆု၌ တည်ရှိပြီး နောက်ဆုံးပေါ်အအေးခံစနစ်ရှိသော အဆောက်အအုံများရှိနေကာ ယခင်ငါးဈေးထက် နှစ်ဆခန့်ကြီးသည်။ တိုယိုဆုရှိငါးဈေးသည် ကမ္ဘာ့အကြီးဆုံးငါးဈေးအဖြစ် ရပ်တည်နေသည်။ သို့သော်ငါးဈေးသစ်သည် ဓာတ်ငွေ့စက်ရုံဟောင်းရှိခဲ့သည့်နေရာတွင် တည်ရှိပြီးမြေမှာညစ်ညမ်းနေသောကြောင့် ဒေသဆိုင်ရာအာဏာပိုင်များသည် သန့်ရှင်းရေးလုပ်ရန်အတွက် ဒေါ်လာသန်းပေါင်းများစွာကို အသုံးပြုခဲ့ရပြီးအချိန်မီရွှေ့ပြောင်းရေးနှောင့်နှေးခဲ့ရသည်။

ဆူကီဂျီငါးဈေးကို မရွှေ့ပြောင်းမီတွင် ဆန္ဒပြသူရာပေါင်းများစွာသည် တိုယိုဆုငါးဈေးသစ်မှာလုံခြုံမှုမရှိကြောင်းပြောဆိုပြီး ဆန္ဒပြမှုများကိုပြုလုပ်ခဲ့သည်။ ငါးဈေးသစ်မှာ သန့်ရှင်းလုံခြုံမှုရှိပြီး ငါးရောင်းအတွက် နောက်ဆုံးပေါ်ပတ်ဝန်းကျင်ကို ဖန်တီးပေးလိမ့်မည်ဖြစ်ကြောင်း တိုကျိုမြို့တော်ဝန်ယူရီကို ကိုအိက ပြောဆိုခဲ့သည်။

ဆူကီဂျီငါးဈေး၌နံနက်အစောပိုင်းတူနာငါးလေလံပွဲသည် ဂျပန်နိုင်ငံသို့လာရောက်သည့် နိုင်ငံခြားသားများအတွက် မကြည့်မနေရကြည့်ရမည့် အခမ်းအနားတစ်ခုဖြစ်သည်။