တရုတ်ကိုနှစ်ရှည်ငှားရမ်းထားသည့် သီရိလင်္ကာရေနက်ဆိပ်ကမ်းတွင် တရုတ်စစ်စခန်း ထားခွင့်ပြုမည်မဟုတ်ဟုဆို

တရုတ်ကိုနှစ်ရှည်ငှားရမ်းထားသည့် သီရိလင်္ကာရေနက်ဆိပ်ကမ်းတွင် တရုတ်စစ်စခန်း ထားခွင့်ပြုမည်မဟုတ်ဟုဆို

သီရိလင်္ကာနိုင်ငံက တရုတ်နိုင်ငံကို နှစ်ရှည်ငှားရမ်းထားသည့် ရေနက်ဆိပ်ကမ်းတစ်ခုတွင် တရုတ်စစ်စခန်းတစ်ခုဆောက်လုပ်နိုင်ခြေရှိနေကြောင်း အမေရိကန်ပြည်ထောင်စု၏ ပြောဆိုမှုသည်မှန်ကန်ခြင်းမရှိကြောင်း သီရိလင်္ကာအစိုးရက အောက်တိုဘာ၁၀ရက်တွင်ငြင်းဆိုလိုက်ပြီဖြစ်သည်။

အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံစီမံကိန်းအတွက် ချေးငွေများကိုပြန်လည်မပေးဆပ်နိုင်တော့သဖြင့် သီရိလင်္ကာသည် ဟမ်ဘန်တိုတာရေနက်ဆိပ်ကမ်းကို တရုတ်အား ၉၉နှစ်ငှားရမ်းရန်ခွင့်ပြုခဲ့ရသည်။ ဟန်ဘန်တိုတာဆိပ်ကမ်းသည် နိုင်ငံတကာ သင်္ဘောသွားလမ်းကြောင်းများရှိသည့်နေရာတွင် တည်ရှိနေသည်။ ယင်းဆိပ်ကမ်းသည် တရုတ်၏ပိုးလမ်းမသစ်စီမံကိန်းအရ အာရှ၊ အာဖရိကနှင့် ဥရောပတို့တွင်တည်ဆောက်နေသည့် အခြေခံအဆောက်အအုံစီမံကိန်းများ၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။

ဟမ်ဘန်တိုတာသည် တရုတ်၏ ရေတပ်အင်အားတိုးမြှင့်မှုစီမံကိန်းအတွက် စစ်စခန်းတစ်ခုဖြစ်လာနိုင်ကြောင်း အမေရိကန်ဒုတိယသမ္မတ မိုက်ခ်ပန့်စ်က လွန်ခဲ့သောအပတ်တွင် ပြောဆိုခဲ့သည်။ သို့သော်ဟမ်ဘန်တိုတာတွင် နိုင်ငံခြားစစ်စခန်းတစ်ခုရှိလာမည်မဟုတ်ဘဲ ယင်းနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို အသိပေးခဲ့ပြီးဖြစ်ကြောင်း သီရိလင်္ကာဝန်ကြီးချုပ်ရာနီးဗစ်ကရီမဲဆင်္ဂါ၏ရုံးက ထုတ်ပြန်ခဲ့သည်။

သီရိလင်္ကာရေတပ်၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သည် လုံခြုံရေးအတွက်ဟမ်ဘန်တိုတာသို့ရွှေ့ပြောင်းခဲ့ပြီးဖြစ်ကြောင်း ဗစ်ကရီမဲဆင်္ဂါကပြောဆိုခဲ့သည်။

သီရိလင်္ကာသည်အစဉ်အလာအားဖြင့် အိန္ဒိယ၏သြဇာသက်ရောက်မှုကိုခံခဲ့ရသော်လည်း ယင်းနိုင်ငံသည်တရုတ်ထံမှ ချေးငွေများကိုရယူခဲ့ပြီးနောက် တရုတ်၏သြဇာခံနိုင်ငံတစ်နိုင်ငံဖြစ်လာမည်ကို ဒေသတွင်းရှိအင်အားကြီးနိုင်ငံများက စိုးရိမ်တကြီးစောင့်ကြည့်နေကြသည်။ သီရိလင်္ကာ၏ ရေကြောင်းလုံခြုံရေးအတွက် ဒေါ်လာ၃၉သန်းထုတ်ပေးမည်ဖြစ်ကြောင်း အမေရိကန်က သြဂုတ်တွင်ထုတ်ပြန်ခဲ့သည်။