မြောက်ကိုရီးယားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို အမေရိကန်ခွင့်ပြုချက်မရဘဲ တောင်ကိုရီးယားက ရုပ်သိမ်းမည်မဟုတ်ကြောင်း ထရမ့်ဆို

မြောက်ကိုရီးယားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို အမေရိကန်ခွင့်ပြုချက်မရဘဲ တောင်ကိုရီးယားက ရုပ်သိမ်းမည်မဟုတ်ကြောင်း ထရမ့်ဆို

အမေရိကန်ပြည်ထောင်စု၏ ခွင့်ပြုချက်မရဘဲ တောင်ကိုရီးယားသည် မြောက်ကိုရီးယားအပေါ်ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ရုပ်သိမ်းလိမ့်မည်မဟုတ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အောက်တိုဘာ၁၀ရက်တွင်ပြောဆိုခဲ့သည်။

မြောက်ကိုရီးယားနှင့်ပတ်သက်လျှင် အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားတို့သည် အတွဲညီနေဆဲဖြစ်ကြောင်း ထရမ့်ကထုတ်ဖော်ပြောဆိ်ုလိုက်ခြင်းလည်းဖြစ်သည်။ မြောက်ကိုရီးယားအစိုးရကနိုင်ငံတွင်းရှိ နျူလက်နက်များကို အမြန်ဆုံးဖျက်သိမ်းရေးအတွက် ဖိအားပေးသည့်အနေဖြင့် ယင်းနိုင်ငံအပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများကိုဆက်လက်ထားရှိရန် မဟာမိတ်နိုင်ငံများအား အမေရိကန်ပြည်ထောင်စုက တိုက်တွန်းထားသည်။

မြောက်ကိုရီးယားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ဖြေလျှော့ပေးရေးအတွက် တောင်ကိုရီးယားကစဉ်းစားနေကြောင်း သတင်းများနှင့်ပတ်သက်၍ မေးမြန်းသည့်အခါ ထရမ့်က ကျုပ်တို့ခွင့်ပြုချက်မရဘဲ သူတို့လုပ်မှာမဟုတ်ဘူး၊ ကျုပ်တို့ခွင့်ပြုချက်မရဘဲ သူတို့ဘာမှမလုပ်ဘူးဟု ပြောဆိုခဲ့သည်။

မြောက်ကိုရီးယား နျူလက်နက်များ ဖျက်သိမ်းသွားရေးအတွက် တိုက်တွန်းသည့်အနေဖြင့် ယင်းနိုင်ငံအပေါ် တစ်နိုင်ငံတည်းသဘောဖြင့် ချမှတ်ထားသည့်ပိတ်ဆို့မှုများကို ဖြေလျှော့ပေးရန် တောင်ကိုရိးယားအစိုးရက စဉ်းစားနေကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ကန်ကျွန်းဝှာက အောက်တိုဘာ၁၀ရက်တွင်ပြောဆိုခဲ့သည်။

မြောက်ကိုရီးယားအပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများကို သင့်လျော်သည့်အချိန်တွင် ပြောင်းလဲပြင်ဆင်ရန်လိုအပ်နေကြောင်း တရုတ်၊ ရုရှားနှင့် မြောက်ကိုရီးယားတို့က ယူဆထားသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ၁၀ရက်တွင် ပြောဆိုခဲ့သည်။ လွန်ခဲ့သောလတွင် မြောက်ကိုရီးယားခေါင်းဆောင်နှင့် တောင်ကိုရီးယားသမ္မတတို့ တွေ့ဆုံစဉ်အတွင်းရရှိခဲ့သည့် သဘောတူညီမှုနှင့်ပတ်သက်၍ သဘောမကျကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမိုက်ခ်ပွန်ပီယိုက ပြောဆိုခဲ့သည်ဟု ကန်က ပြောဆိုခဲ့သည်။