ရှေးရိုးစဉ်လာမပျက်နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပ သည့် ယောဓလေ့၊ ယောရိုးရာပွဲတော်တစ်ခုဖြစ်သော သနပ်ခါးပါး တို့ပွဲနှင့် မီးကြာလှည့်လည်ပွဲကို ယောမြို့ကြီး လေးမြို့ဖြစ်သည့် မကွေး တိုင်းဒေသကြီး ဆော၊ ကျောက်ထု၊ ထီးလင်း၊ ဂန့်ဂေါမြို့များနှင့်မြို့နယ် အတွင်း ကျေးရွာများ၌ ကျင်းပမည်ဖြစ်ကြောင်း ဂန့်ဂေါမြို့မှ ဒေသခံ ဦးမြင့်ဦးက ပြောဆိုသည်။
စီစဉ်ထား
"ကျွန်တော်တို့ ယောဒေသမှာ အထက်ယော၊ အောက်ယောဆိုပြီး ရှိပါတယ်။ အထက် ယောဆိုတာကတော့ ကျွန်တော်တို့ဆော၊ ဂန့်ဂေါ၊ ထီးလင်းဒေသတွေပါ။ အောက်ယောဆိုတာကတော့ ကလေးနယ်၊ အင်းတင်၊ နတ်ချောင်း၊ နတ်မြောင်း၊ သာစည်ဒေသတွေ ဖြစ်ပါတယ်။ မီးကြာလှည့်ပွဲကတော့ ကလေးမြို့နယ်ထဲမှာ ကျောင်းတိုက်၊ ဆည် တော်ဦး၊ သာစည်၊ ထိုမာ၊ ထောက်ကြန့်ဒေသတွေမှာ လုပ်ကြတယ်။ သနပ်ခါးပါးတို့ပွဲကတော့ ခေတ်ပြောင်းလာတာနဲ့ ပျောက်ကွယ်နေပြီ ဖြစ်ပါ တယ်။ ဆော၊ ကျောက်ထု၊ ထီးလင်း၊ ဂန့်ဂေါဒေသတွေမှာတော့ ကျန်သေးတယ်။ အခုနှစ်တော့ တောရောမြို့ပါ စည်စည်ကားကားလုပ် ဖို့ စီစဉ်ထားတယ်" ဟု ဆောမြို့နယ်မှ ဒေသခံတစ်ဦးက ပြောဆိုသည်။
ရည်ရွယ်ချက်ကောင်း
"ယောဒေသမီးကြာအုပ် လှည့်လည်ပွဲနှင့် သနပ်ခါးပါးတို့ပွဲမှာ ရှေးနှစ်ပေါင်းများစွာက စတင်၍ကျင်းပခဲ့ကြသည့် သီတင်းကျွတ် ရိုးရာပွဲတစ်ပွဲဖြစ်သည့်အပြင် လူပျို၊ အပျို၊ လူငယ်မောင်မယ်များအတွက် သီးသန့်ပွဲဖြစ် သကဲ့သို့ လူငယ်များ ဘုရားမီးပူဇော်ပွဲ၊ လူငယ်များတစ်ဦး နှင့်တစ်ဦးလိမ်မာယဉ်ကျေး စွာချစ်ကြည်ရင်းနှီးမှုရယူခြင်း၊ ရပ်ဓလေ့ ရွာဓလေ့အရ လူငယ်များစည်းလုံးညီညွတ်မှုကို ပြဆိုခြင်း၊ မိဘဆရာ သမားတို့၏ ရိုးရာဓလေ့တို့ကိုထိန်းသိမ်းစောင့်ရှောက်ခြင်းစသည့် ရည် ရွယ်ချက်ကောင်းများဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထီးလင်းမြို့ ဒေသခံ ရပ်မိရပ်ဖတစ်ဦးက ပြောဆိုသည်။
လူပျိုအပျို
"ယောဓလေ့သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပသည့် သနပ်ခါး ပါးတို့ပွဲတော်၌ ပါဝင်ဆင်နွှဲသူများသည် လူပျို၊ အပျိုများသာ ဖြစ်ရပြီး ကျေးရွာခံသနပ်ခါးပါးတို့ပေးမည့် အပျိုများက သနပ်ခါးကိုကိုယ်တိုင် သွေး၍ ငွေဖလား၌ထည့်ပြီး ဘုရားပရဝဏ်မှစောင့်ရသည်။ ရပ်ကွက်၊ ကျေးရွာအတွင်း မီးကြာ လှည့်လည်၍ ဘုရားသို့မီးကြာအုပ်လာရောက် လှူဒါန်းသည့် အပျို၊ လူပျိုအားလုံးကိုမှန်ထောင်ပြ၍ သနပ်ခါးပါးတို့ပေး ခြင်း၊ ပါးကွက်ကွက်ပေးခြင်းတို့ကို ပြုလုပ်ပေးကြသည်။ သနပ်ခါး ပါးတို့ပွဲပြီးမှ ဘုရားစေတီပုထိုးတို့တွင် မီးပူဇော် သီလယူအမျှအတန်း ပေးဝေ ပွဲကျင်းပခဲ့ပြီး နောက်ရက်များတွင် ဆရာသမားမိဘတို့ကို သီတင်းကျွတ်ကန်တော့ပွဲ ကျင်းပကြောင်း သိရသည်။
















