ချင်းတွင်းမြစ်ရေတစ်စထက်တစ်စ နည်းပါးလာကာ သွားလာမှုခက်ခဲလာသောကြောင့် မုံရွာ-ဟုမ္မလင်းသင်္ဘောခရီးစဉ်ကို အောက်တိုဘာလ ၁၃ ရက်တွင် ရပ်နားတော့မည် ဖြစ်ကြောင်း မုံရွာမြို့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(ချင်းတွင်းဌာနခွဲ)မှ လက် ထောက်အထွေထွေမန်နေဂျာ ဦးလေးနိုင်က ပြောကြားသည်။
"သင်္ဘောနားရတဲ့အကြောင်းကတော့ ချင်းတွင်းမြစ်ရေနည်း နည်းသွားတဲ့အတွက် သင်္ဘောက အမောင်းရခက်သွားပြီဖြစ်ပါတယ်။ရေနည်းကာလမောင်းရင် စက်ပိုင်း ဆိုင်ရာချွတ်ယွင်းတာတွေ ဖြစ်လာရင်ပြုပြင်ရတဲ့ စရိတ်က မနည်းဘူးကုန်တာ။သောင်တင်တာဖြစ်လာရင် စက်သုံးဆီအများကြီးသုံးရမယ်"ဟု ဦးလေးနိုင်ကပြောသည်။
မိုးရာသီ ချင်းတွင်းမြစ်ရေများချိန်ကာလတွင် ခရီးသည်နှင့်ကုန်စည်များ သယ် ယူပို့ဆောင်ရေးလွယ်ကူစေရန်အတွက် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးနှင့်ပုဂ္ဂလိ က လုပ်ငန်းရှင်ဖြင့်အကျိုးတူပူးပေါင်းကာ ယခုနှစ် ဇူလိုင် ၂ရက်မှစ၍မုံရွာ-ဟုမ္မလင်း-မုံရွာခရီးစဉ်ကိုပင်လုံသင်္ဘောဖြင့်၈ခေါက် ချမ်းငြိမ်းသင်္ဘောဖြင့်အောက် တိုဘာ ၁၃ ရက်ထိ ၁၄ခေါက်ပြေးဆွဲခဲ့သည်။
ပင်လုံသင်္ဘောအား ရှစ်ပတ်ထိပြေးဆွဲကာရပ်နားပြီး ချမ်းငြိမ်းသင်္ဘောတစ်စီးဖြင့်သာ ပြေးဆွဲခဲ့ ရာ လက်ရှိအချိန်တွင် ချင်းတွင်းမြစ်ရေနည်းပါးလာကာဖောင်းပြင်မြို့နှင့် ဟုမ္မလင်းမြို့ အကြား နေရာ၃နေရာတွင် သောင်တင်ခြင်းများ ဖြစ်ပေါ်၍ ယင်းသို့ရပ်နားခဲ့ ရခြင်းဖြစ်ကြောင်း ဦးလေးနိုင်က ပြောကြားသည်။
မုံရွာ-ဟုမ္မလင်းခရီးစဉ်ပြေးဆွဲလျက်ရှိသော ချမ်းငြိမ်းသင်္ဘောသည်ဟုမ္မလင်း မြို့မှ အောက်တိုဘာ ၁၂ရက်တွင်ပြန်လည်ထွက်ခွာမည်ဖြစ်ပြီး အောက်တိုဘာ ၁၃ရက်တွင် မုံရွာဆိပ်ကမ်းသို့ဆိုက်ကပ်ပြီးချိန်တွင် သင်္ဘောခရီးစဉ်ရပ်နားမည် ဖြစ်သည်။
ချမ်းငြိမ်းသင်္ဘောသည် ခရီးသည် ၄၀၅ဦး ကုန်တန်ချိန်၇၀ခန့်တင်ဆောင် နိုင်ပြီး ခရီးသည်တစ်ဦးလျှင် မုံရွာ-ဟုမ္မလင်း ခရီးစဉ်အတွက် ရိုးရိုးတန်း ၉၀ဝ၀ကျပ် အထူးတန်း ၂၀ဝ၀ဝ ကျပ် အာလူး ကြက်သွန်ကုန်စည်များကို ဆာလာအိတ်တစ်အိတ် ၁၂၀ဝကျပ်မှ၁၃၀ဝကျပ်ဖြင့်ပြေးဆွဲပေးသည်။
















