အိန္ဒိယတောင်ပိုင်း ထရိချီမြို့မှ ဒူဘိုင်းသို့ ပျံသန်းမည့် အဲအိန္ဒိယလေကြောင်းလိုင်း လေယာဉ်သည် ကွင်းမှ ပျံအတက်တွင် လေယာဉ်ကွင်း ဝင်းနံရံကို တိုက်မိသဖြင့် ထိခိုက်ပျက်စီးခဲ့သော်လည်း ခရီးသည်များ ဘေးကင်းခဲ့ကြောင်း သိရသည်။
အဲအိန္ဒိယ IX 611 လေယာဉ်သည် ခရီးသည် ၁၃၀ ၊ လေယာဉ်အမှုထမ်း ၆ ဦး လိုက်ပါလျက် ပျံတက်စဉ် လေဆိပ်အုတ်နံရံနှင့် ငြိသွားခဲ့ပြီးနောက် လေယာဉ်သည် တစ်စိတ်တစ်ပိုင်း ထိခိုက်ပျက်စီးခဲ့ပြီးနောက် မွမ်ဘိုင်းလေဆိပ်၌ အရေးပေါ် ပြန်လည်ဆင်းသက်ခဲ့ရကာ လေယာဉ်ပေါ် လိုက်ပါလာသူများ ဘေးကင်းခဲ့ကြောင်း သိရသည်။ လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးတို့သည် ပျံသန်းချိန် အတွေ့အကြုံ နာရီ ၆၅၀ဝ ကျော် ရှိထားသူများဖြစ်ပြီး အခြေအနေကို သိရစေရန် ထိုနှစ်ဦးကို ပျံသန်းခွင့် ယာယီဆိုင်းငံ့ထားကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း အဲအိန္ဒိယက ပြောသည်။
အဲအိန္ဒိယသည် အိန္ဒိယကို ကိုယ်စားပြုသည့် လေကြောင်းလိုင်းလည်း ဖြစ်သည်။ ဘိုးရင်း ၇၃၇ အမျိုးအစား လေယာဉ်သည် အိန္ဒိယတောင်ပိုင်းရှိ ထရီချီလေဆိပ်မှ ပျံအတက်တွင် နိမ့်သွားသဖြင့် လေဆိပ်ဝင်းအုတ်နံရံနှင့် ငြိသွားခဲ့ခြင်းဖြစ်ကြောင်း လေဆိပ် လေကြောင်းထိန်းဌာနက ပြောသည်။
လေယာဉ်စက် အစိတ်အပိုင်းများသည်လည်း ပုံမှန်အလုပ်လုပ်လျက်ရှိစဉ် မတော်တဆမှု ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ စုံစမ်းစစ်ဆေးမှုများတွင် ပူးပေါင်းကူညီလျက်ရှိကြောင်း အဲအိန္ဒိယက ထုတ်ပြန်ထားသည်။ အဲအိန္ဒိယသည် အိန္ဒိယတွင် သက်တမ်းအရင့်ဆုံး လေကြောင်းလိုင်းဖြစ်ပြီး ၂၀ဝ၇ ခုနှစ်နောက်ပိုင်း အမြတ်အစွန်း များစွာမရရှိဘဲ လည်ပတ်ရလျက်ရှိသည်။
ပြီးခဲ့သော ရက်သတ္တပတ်အနည်းငယ်အတွင်းကလည်း အိန္ဒိယမှ ဂျက်အဲဝေး လေကြောင်းလိုင်း လေယာဉ်မှူးသည် လေယာဉ်အတွင်းပိုင်း ဖိအားချိန်ညှိခလုတ်ကိုဖွင့်ရန် မေ့နေသဖြင့် ခရီးသည်များကို အရေးပေါ် ကုသမှုများ ပေးခဲ့ရဖူးသည်။

















