အခွန်မြင့်နေသည့်ကြားမှ တရုတ်က အမေရိကန်နှင့် ကုန်သွယ်ရာ၌ စက်တင်ဘာလတွင် ဒေါ်လာ ၃၄ ဘီလီယံကျော် စံချိန်တင်ပိုငွေပြ

အခွန်မြင့်နေသည့်ကြားမှ တရုတ်က အမေရိကန်နှင့် ကုန်သွယ်ရာ၌ စက်တင်ဘာလတွင် ဒေါ်လာ ၃၄ ဘီလီယံကျော် စံချိန်တင်ပိုငွေပြ

ကုန်သွယ်ရေးစစ်ပွဲဟုတင်စားကြသည့် ပို့ကုန်အများ အခွန်တိုးမြှင့်ကောက်ခံနေရသည့်ကြားမှ တရုတ်သည် အမေရိကန်နှင့် ကုန်သွယ်ရာတွင် စက်တင်ဘာလအတွင်း ပိုငွေ အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံကျော် စံချိန်တင် ပိုငွေပြခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၁၃ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

တရုတ်မှ အမေရိကန်သို့ ပို့ကုန်သည် စက်တင်ဘာတွင် ဒေါ်လာ ၄၆ ဒသမ ၇ ဘီလီယံ ရှိခဲ့ပြီး တရုတ်သို့ အမေရိကန်မှ သွင်းကုန်သည် ဒေါ်လာ ၁၂ ဒသမ ၆ ဘီလီယံဘိုး ရှိခဲ့ကြောင်း သိရသည်။ တရုတ်၏နည်းပညာဆိုင်ရာ မူဝါဒကို အပြစ်ဖို့လျက် အမေရိကန်က တရုတ်သွင်းကုန်များကို အခွန် ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံနေသည့်ကြားမှ တရုတ်သွင်းကုန်များ အားကောင်းနေခြင်းဖြစ်သည်။

"အမေရိကန်ရဲ့ အခွန်တိုးကောက်မှုကို လွန်ခဲ့တဲ့လက ပို့ကုန်တွေက ဆက်လက်ဖီဆန်ခဲ့ပေမယ့် ပြည်တွင်း ဝယ်လိုအား အေးစက်နေတာကို သွင်းကုန်တွေ ခံစားနေရတယ်"ဟု လန်ဒန်အခြေစိုက် စီးပွားရေးသုသေတနဌာနမှ စီးပွားရေးပညာရှင် ဂျူလီယန် အီဗန်စ် ပရစ်ချတ်ကပြောဆိုသည်။

အမေရိကန်နှင့်ကုန်သွယ်ရာတွင် ကုန်သွယ်ရေးပိုငွေပြမှုသည် စက်တင်ဘာတွင် ဒုတိယမြောက် စံချိန်တင်ခဲ့ခြင်း ဖြစ်သည်။ တရုတ်၏ စက်တင်ဘာလ ကမ္ဘာလုံးဆိုင်ရာ ကုန်စည်တင်ပို့မှုသည် လွန်ခဲ့သည့်နှစ်ထက် ၁၄ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဒေါ်လာ ၂၂၆ ဒသမ ၇ ဘီလီယံ ရှိခဲ့ရာ သြဂုတ်လထွက် ၁၂ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ခဲ့ခြင်းဖြစ်သည်။ သွင်းကုန်လည်း ၁၄ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဒေါ်လာ ၁၉၅ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး တစ်လအတွင်း ၂၀ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ ကုန်စည်တင်ပို့မှုသည် ပြည်တွင်းဝယ်လိုအား အေးစက်လာခြင်းအပေါ်လည်း အခြေပြုသည်။ နိုင်ငံတော်က ဦးဆောင်နေသည့် ရိုဘော့နှင့် အခြားနည်းပညာဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ စီမံကိန်းများပမာဏကို လျှော့ချရန် ဖိအားပေးမှုများအား တရုတ်ခေါင်းဆောင်များက ငြင်းပယ်ခဲ့သည်။

စစ်သုံးအဖြစ် ပြောင်းလဲအသုံးချမည်ကို စိုးရိမ်ခြင်းကြောင့် အမေရိကန်၏ မြို့ပြနျူကလီးယားနည်းပညာကို တရုတ်အားရောင်းချခြင်းကို ထရမ့်အစိုးရက ကန့်သတ်လိမ့်မည်ဖြစ်ကြောင်း သတင်းထွက်ပေါ်လာပြန်ရာ ကုန်သွယ်ရေး တင်းမာမှု ထပ်မံမြင့်တက်လာနိုင်ခြေ ရှိနေသည်။