ပစိဖိတ်သမုဒ္ဒရာအတွင်းမှ သေးငယ်၍ဆင်းရဲသည့် ပါပူအာနယူးဂီနီနိုင်ငံသည် အေပက်ထိပ်သီးစည်းဝေးပွဲတွင် အသုံးပြုရန် တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၁၀ဝ၀ဝ၀(ပေါင်စတာလင် ၇၅၀ဝ၀)တန် မာဆဲရတီ ဇိမ်ခံကားအစီး ၄၀ ကို အီတလီမှတင်သွင်းခဲ့မှုအတွက် အဝေဖန်ခံနေရသသည်။
ထိပ်သီးစည်းဝေးပွဲတက်ရောက်လာသည့် ခေါင်းဆောင်များအသုံးပြုရန် ယင်းကားများဝယ်ယူခဲ့မှုအတွက် ဒေါ်လာ လေးသန်းမျှအသုံးပြုခဲ့ခြင်းကို မီဒီယာများနှင့် တက်ကြွလှုပ်ရှားသူများက မေးခွန်းထုတ်ခဲ့ကြပြီး အစိုးရကမူ ပုဂ္ဂလိကကဏ္ဍမှ ကျခံရန် ကတိပြုထားကြောင်း ပြောဆိုခဲ့သည်။ ပို့တ်မော်စ်ဘီလေယာဉ်ကွင်းသို့ စင်းလုံးငှားလေယာဉ်များဖြင့် ရောက်ရှိလာသည့် ဇိမ်ခံကားပုံများ လူမှုကွန်ရက်တွင် ပြန့်နှံ့ခဲပြီး ပြည်သူ့အခွန်ငွေများကို ဖြုန်းတီးပစ်သည်ဟု ဝေဖန်ချက်များ အများအပြားပေါ်ထွက်ခဲ့သည်။
ပါပူအာနယူးဂီနီ၏ အေပက်ဆိုင်ရာဝန်ကြီး တကက်ချန်ကိုက အစိုးရသည် အာမခံများစီစဉ်ထားပြီး ကားများကို ပြန်လည်ရောင်းချပစ်မည်ဖြစ်၍ အစိုးရအတွက် ဝန်ပိစေမည်မဟုတ်ဟုပြောဆိုခဲ့သည်။ သို့သော် ကားများအတွက် ငွေမည်မျှ သုံးစွဲခဲ့ကြောင်း၊ မည်သူက မည်သည့်ဈေးနှင့် ပြန်လည်ဝယ်ယူမည်ဖြစ်ကြောင်းတို့ကိုမူ ရှင်းမပြခဲ့ချေ။
တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်စ်တို့ တက်ရောက်ရန် မျှော်လင့်ရသည့် ယင်းအေပက်ထိပ်သီးစည်းဝေးပွဲကို လာမည့်နိုဝင်ဘာတွင် ကျင်းပမည်ဖြစ်သည်။ ပါပူအာနယူးဂီနီသည် အေပက်အဖွဲ့တွင် အဆင်းရဲဆုံးနိုင်ငံတစ်ခုဖြစ်ပြီး လူဦးရေ ၄၀ ရာခိုင်နှုန်းသည် တစ်ရက်တစ်ဒေါ်လာအောက်ဝင်ငွေဖြင့် နေထိုင်ရပ်တည်ရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။
ယင်းစည်းဝေးပွဲအတွက် ဒေါ်လာ သန်း ၁၀ဝ ကျော် ထောက်ပံ့ရန် မျှော်လင့်ရပြီး ယင်းတွင် လုံခြုံရေးအတွက် စစ်သည်များပေးပို့ဖြန့်ချရေးနှင့် ဂျက်တိုက်လေယာဉ်များ ပျံသန်းစောင့်ကြပ်ပေးရေးစရိတ်များ ပါဝင်သည်။

















