အလုပ်ခွင်တွင်း လိင်ပိုင်းမလျော်သော အပြုအမူများကို အရေးယူမည့် ဥပဒေကိုပြဋ္ဌာန်းထားသော်လည်း များစွာသက်ရောက်မှုမရှိသည့်အတွက် အိန္ဒိယရှိ ရုပ်ရှင်သရုပ်ဆောင်အမျိုးသမီးများနှင့် ဂျာနယ်လစ်များသည် လိင်ပိုင်းထိကပါးရိကပါးလုပ်ခံရမှုနှင့် အနိုင်ကျင့်ခံရမှုများကို လူမှုမီဒီယာများတစ်ဆင့် ထုတ်ဖော်ပြောဆိုနေကြပြီဖြစ်သည်။
လူမှုမီဒီယာကိုသုံးပြီး နစ်နာခဲ့သည်များကိုဖော်ထုတ်နေခြင်းသည် ဥပဒေသက်ရောက်မရှိကြောင်း ပြသနေခြင်းလည်းဖြစ်သည်ဟု အိန္ဒိယအမျိုးသမီးဂျာနယ်လစ်များအဖွဲ့ဥက္ကဋ္ဌ တီကေ ရာဖလက်ရှ်မီးက အောက်တိုဘာ ၁၁ ရက်တွင်ပြောဆိုခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် အတည်ပြုခဲ့သည့် အလုပ်ခွင်၌ အမျိုးသမီးများအပေါ် လိင်ပိုင်းအနိုင်ကျင့်မှုဥပဒေအရ အလုပ်ခွင်တွင်း လိင်ပိုင်းထိကပါးရိကပါးလုပ်မှုများအပါအဝင် လိင်ပိုင်းအနိုင်ကျင့်မှုများကို စုံစမ်းစစ်ဆေးပြီး တိုင်ကြားမှုများကိုဖြေရှင်းရမည်ဖြစ်သည်။
အလုပ်ရှင်များသည် အမျိုးသမီးတစ်ဦး ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး အမျိုးသမီး ၅၀ ရာခိုင်နှုန်း၊ ပြင်ပမှ ကျွမ်းကျင်သူတစ်ဦးတို့ပါဝင်သည့် ကော်မတီတစ်ရပ်ကိုဖွဲ့စည်းက တိုင်ကြားမှုကို သုံးသပ်ရမည်ဖြစ်သည်။ အလုပ်ခွင်၌ လိင်ပိုင်းအနိုင်ကျင့်မှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေက ကာကွယ်ပေးထားသည့် အမျိုးသမီးတစ်ဦး၏ တန်းတူညီမျှခွင့်ကို ချိုးဖောက်ခြင်းသာဖြစ်ကြောင်း အိန္ဒိယတရားလွှတ်တော်ချုပ်က ၁၉၉၇ ခုနှစ်တွင် ဆုံးဖြတ်ခဲ့သည်။
လူမှုမီဒီယာမှတစ်ဆင့် ထုတ်ဖော်ပြောဆိုမှုသည် စက်တင်ဘာတွင် စတင်ခဲ့ခြင်းဖြစ်သည်။ သရုပ်ဆောင် နာနာ ပါတဲကာသည် မွမ်ဘိုင်း၌ ရုပ်ရှင်ရိုက်ကူးနေရင်း လက်သရမ်းခဲ့ကြောင်း ၂၀ဝ၈ ခုနှစ်တွင် ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့သော်လည်း အကြောင်းမထူးလာခဲ့ကြောင်း ဘောလီးဝုဒ်သရုပ်ဆောင် တနာရှရီး ဒတ်တက မကြာသေးမီတွင် အိန္ဒိယရုပ်သံလိုင်းများအားပြောဆိုခဲ့သည်။
အောက်တိုဘာ ၄ ရက်တွင်လည်း မွမ်ဘိုင်းဟာသအဖွဲ့ အေအိုင်ဘီက အဖွဲ့ဝင်ဟောင်း ဥတ္တဆက် ချာကရာဘော်တီ လိင်ပိုင်းအနိုင်ကျင့်မှုများဖြင့် စွပ်စွဲခံခဲ့ရပြီးနောက် ချာကရာဘော်တီပါဝင်သော ဗီဒီယိုအားလုံးကို ဖျက်သိမ်းမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ရုပ်ရှင်လုပ်ငန်း လုံခြုံမှုရှိပြီး အလုပ်ခွင်၌ ပျော်ရွှင်မှုရှိလာရေးအတွက် တတ်နိုင်သရွေ့လုပ်ဆောင်မည်ဖြစ်ကြောင်း နာမည်ကျော် ဘောလီးဝုဒ်သရုပ်ဆောင် အာမီရ် ခန်းနှင့် ဇနီး ကီရန် ရောင်တို့က အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ နာမည်အကျော်ကြားဆုံးဖြစ်ရပ်တစ်ခုမှာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အမ် ဂျေ အက္ကဘာ လိင်ပိုင်းအနိုင်ကျင့်မှုများဖြင့် စွပ်စွဲခံခဲ့ရခြင်းဖြစ်သည်။ အက္ကဘာသည် ကိုလ်ကတ္တားနှင့် ဒေလီတို့၌ သတင်းစာအယ်ဒီတာအဖြစ် တာဝန်ယူစဉ်အတွင်း လိင်ပိုင်းအနိုင်ကျင့်မှုနှင့် မလျော်ကန်သော အပြုအမူများပြုမူခဲ့ကြောင်း စွပ်စွဲခံထားရသည်။

















