မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုများ တိုးမြှင့်ချမှတ်ရန် နိုင်ငံတကာအသိုက်အဝိုင်းက ကြိုးပမ်းနေခြင်းကို ထောက်ခံအားဖြည့်သည့်အနေဖြင့် သြစတြေးလျသည် အရှေ့တရုတ်ပင်လယ်ပြင်သို့ ဒုံးကျည်ပစ်ခတ်နိုင်သည့် စစ်သင်္ဘောတစ်စင်းကို စေလွှတ်မည်ဖြစ်ကြောင်း သြစတြေးလျအစိုးရအရာရှိတစ်ဦးက အောက်တိုဘာ ၁၂ ရက်တွင်ပြောဆိုခဲ့သည်။
တပ်သား ၂၃၀ ပါဝင်သော ရေတပ်သင်္ဘောကို ဂျပန်တွင် အခြေစိုက်သည့် အေပီ ၃ စီ အော်ရီယွန်စောင့်ကြည့်ထောက်လှမ်းရေးလေယာဉ်က အကူအညီပေးမည်ဖြစ်ကြောင်း သြစတြေးလျကာကွယ်ရေးတပ်ဖွဲ့ ပူးတွဲစစ်ဆင်ရေးအကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး မယ် ဟက်ဖဲ့ဒ်ကပြောဆိုခဲ့သည်။
ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုများလျော့ကျနေသော်လည်း မြောက်ကိုရီးယားသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်များကို အာခံပြီး နျူလက်နက်နှင့် တိုက်ချင်းပစ်ဒုံးကျည်များကို စမ်းသပ်နေဆဲဖြစ်ကြောင်း၊ သြစတြေးလျသည် မြောက်ကိုရီးယားအပေါ် စီးပွားရေးနှင့် သံတမန်ရေးဖိအားပေးမှုများကိုလုပ်ဆောင်နေရင်းတစ်ပြိုင်နက်ထဲတွင် ရေကြောင်းကင်းလှည့်လေယာဉ်နှင့် ရေတပ်သင်္ဘောများကို ဒေသတွင်းရေပြင်သို့ စေလွှတ်မည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
ပိတ်ဆို့မှုများသက်ရောက်စေရေးအတွက် သြစတြေးလျသည် ဂျပန်၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ တောင်ကိုရီးယားတို့နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဟက်ဖဲ့ဒ်ကပြောဆိုခဲ့သည်။ အရှေ့တရုတ်ပင်လယ်တွင်း တရားဝင်ကုန်ပစ္စည်းလွှဲပြောင်းတင်ဆောင်နေသည့် သင်္ဘောများကြားတွင် ကုန်ပစ္စည်းများတရားမဝင်လွှဲပြောင်းနေသည့် သင်္ဘောများကိုရှာဖွေခြင်းမှာ မြက်ခြောက်ပုံထဲ အပ်ရှာခြင်းနှင့်တူညီနေကြောင်း ၎င်းကပြောဆိုခဲ့သည်။
ရေတပ်သင်္ဘော အိပ်ချ်အမ်အေအက်စ် မယ်လ်ဘုန်းသည် သံသယဖြစ်စရာ ကုန်တင်သင်္ဘောများကို ကြားဖြတ်တားဆီးရှာဖွေမည်ဖြစ်ကြောင်း ဟက်ဖဲ့ဒ်က ဆက်လက်ပြောဆိုခဲ့သည်။

















