မြောက်ကိုရီးယားနှင့် အမေရိကန်တို့အနေဖြင့် ကိုရီးယားစစ်ပွဲ စစ်ပြေငြိမ်းရေးကို ကိုယ်စီကြေညာရန် အချိန်ပိုင်းသာ လိုတော့သည်ဟု ထင်မြင်ကြောင်းဖြင့် တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်က မျှော်လင့်စကား ပြောကြားထားကြောင်း သိရသည်။
၁၉၅၃ ခုနှစ်တွင် ကိုရီးယားစစ်ပွဲ ပြီးဆုံးခဲ့သည့်တိုင် စစ်ပြေငြိမ်းရေး စာချုပ်ကို လက်ရှိအချိန်ထိ ချုပ်ဆိုရခြင်း မရှိသေးသည်ကို တွေ့ရသည်။ သမ္မတ မွန်းသည်လည်း မြောက်ကိုရီးယားမှ ထွက်ပြေးလာသည့် မိသားစုမှ မွေးဖွားလာသူဖြစ်သည်။ မစ္စတာ မွန်း၏ မိဘများသည် ၁၉၅၃ ခုနှစ်က မြောက်ကိုရီးယားမှ ထွက်ပြေးလာခဲ့ကြခြင်း ဖြစ်သည်။
မြောက်ကိုရီးယား နျူကလီးယား စွန့်လွှတ်ရေးအတွက် သံတမန်ရေး စိန်ခေါ်မှု အများအပြား ဖြတ်ကျော်ရဦးမည်ဖြစ်ကြောင်း သမ္မတ မွန်းက ပြောသည်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်သည် ပွင့်လင်းသူဖြစ်သည်ဟုလည်း မစ္စတာ မွန်းက ချီးကျူးထားသည်။
မစ္စတာ မွန်းသည် မစ္စတာ ကင်နှင့် ယခုနှစ်အတွင်း သုံးကြိမ်တိုင် တွေ့ဆုံခဲ့ပြီးဖြစ်ကာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မစ္စတာ ကင်အကြားတွင်လည်း ကြားခံစေ့စပ်သူအဖြစ် ဆောင်ရွက်ပေးလျက်ရှိနေသည်။
ကိုရီးယားစစ်ပွဲ ပြီးဆုံးကြောင်း ကြေညာရန် ထရမ့်အစိုးရ အရာရှိများနှင့်လည်း အကြိမ်ကြိမ် ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း မစ္စတာ မွန်းက ပြောသည်။ ကိုရီးယားစစ်ပွဲ အဆုံးသတ်ကြေညာချက် တတ်နိုင်သမျှ မြန်မြန်ထုတ်ပြန်နိုင်ရန် တောင်ကိုရီးယားနှင့် အမေရိကန်ဘက်က လိုလားလျက်ရှိကြောင်းလည်း မစ္စတာ မွန်းက ပြောသည်။
ပြီးခဲ့သည့်လက မစ္စတာ မွန်းသည် ပြုံယမ်းခရီးစဉ်အတွင်း မြောက်ကိုရီးယား ပြည်သူ တစ်သိန်းခွဲခန့်ကို တိုက်ရိုက်မိန့်ခွန်းပြောခဲ့သည့် ပထမဆုံး တောင်ကိုရီးယားသမ္မတအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ မိန့်ခွန်းအကြောင်းအရာနှင့် ပတ်သက်ပြီး မစ္စတာ ကင်သည် မည်သို့မျှ ကန့်သတ်ခြင်း မရှိခဲ့ကြောင်းလည်း မစ္စတာ မွန်းက ပြောကြားသည်။
သမ္မတ တစ်ယောက်အနေဖြင့် ကိုရီးယားကျွန်းဆွယ်ပေါ်တွင် တစ်ကျော့ပြန်စစ်ပွဲ မဖြစ်ပွားအောင် တားဆီးရေးမှာ ၎င်း၏ တာဝန်ဖြစ်ကြောင်းလည်း သမ္မတ မွန်းက ပြောသည်။

















