ပရိုလိုင်စင်သင်တန်းတက်ရန် စိန်ခေါ်မှုများရှိဟု ဦးစိုးမိုးကျော် ပြောဆို

ပရိုလိုင်စင်သင်တန်းတက်ရန် စိန်ခေါ်မှုများရှိဟု ဦးစိုးမိုးကျော် ပြောဆို

မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများကို ကိုင်တွယ်နေသည့် ပြည်တွင်းနည်းပြများအနေဖြင့် ပရိုလိုင်စင်သင်တန်းတက်ရန် စိန်ခေါ်မှုများရှိနေသည်ဟု မြန်မာနေရှင်နယ်လိဂ်စီအီးအို ဦးစိုးမိုးကျော်က အသိပေးပြောဆိုခဲ့သည်။

ခွင့်ပြုခဲ့

အာရှဘောလုံးအဖွဲ့ချုပ်သည် အဖွဲ့ဝင်နိုင်ငံများ၏ နည်းပြများကို ၂၀၁၉ခုနှစ်ဘောလုံးရာသီမှစ၍ ကလပ်အသင်းများအား ပရိုလိုင်စင်ရှိမှ ကိုင်တွယ်ရမည်ဟုထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံ၌ အေအက်ဖ်စီ အေလိုင်စင်ရနည်းပြများသာရှိသေးပြီး ပရိုလိုင်စင်ရနည်းပြများ တစ်ဦးမှမရှိသေး၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ပြည်တွင်းရှိ ကလပ်အသင်းများ အခက်အခဲမဖြစ်ပေါ်စေရန်အတွက် တစ်နှစ်ဆိုင်းငံ့ပေးရန် တင်ပြခဲ့ရာ အာရှဘောလုံးအဖွဲ့ချုပ်က ခွင့်ပြုခဲ့သည်။

အခက်အခဲများရှိ

" ပရိုလိုင်စင်သင်တန်းတက်ဖို့က အနည်းဆုံးအမေရိကန်ဒေါ်လာ နှစ်သောင်းနဲ့ လေးသောင်းကြား ကုန်ကျငွေရှိမှာပါ။ ပြီးတော့ ပြည်တွင်းနည်းပြတွေအနေနဲ့ အင်္ဂလိပ်ဘာသာ စကားအခက်အခဲတွေလည်းရှိပါတယ်။ သင်တန်းကလည်း လနဲ့ချီကြာမှာဆိုတော့ နေထိုင်စားသောက်မှုအတွက်ပါ အခက်အခဲရှိပါတယ်။ ပြည်တွင်းနည်းပြတွေအနေနဲ့ ပရိုလိုင်စင်သင်တန်းတက်ဖို့ စိန်ခေါ်မှုတွေရှိတယ်" ဟု ဦးစိုးမိုးကျော်က ပြောဆိုခဲ့သည်။

ညှိနှိုင်းဆောင်ရွက်

အာရှဘောလုံးအဖွဲ့ချုပ်၏ ခြွင်းချက်ခွင့်ပြုချက်ကြောင့် လာမည့်ရာသီတွင် အာရှချန်ပီယံလိဂ် ခြေစစ်ပွဲယှဉ်ပြိုင်ရမည့် ရန်ကုန်ယူနိုက်တက်အသင်းကို နည်းပြချုပ် ဦးမျိုးမင်းထွန်းက တာဝန်ယူကိုင်တွယ်ခွင့်ရမည်ဖြစ်သည်။ ဦးမျိုးမင်းထွန်းမှာ အေအက်ဖ်စီ အေလိုင်စင်သာရသေး၍ လာမည့်ရာသီတွင် ပရိုလိုင်စင်သင်တန်းတက်ရန် အသင်းတာဝန်ရှိသူများနှင့် တိုင်ပင်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ယူနိုက်တက်သည် လာမည့်ရာသီတွင် အာရှချန်ပီယံလိဂ်ပထမအဆင့်ခြေစစ်ပွဲမှ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မအောင်မြင်ခဲ့ပါက အေအက်ဖ်စီပြိုင်ပွဲသို့ဆင်း၍ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
 



ဖတ်ရှုမှုအများဆုံး