ချင်းတိုင်းရင်းသားတို့၏ ရိုးရာပွဲတော် တို့တွင် အစည်ကားဆုံး ကျင်းပပြုလုပ်သည့် ရိုးရာသီတင်းကျွတ်ပွဲတော်ဟု ခေါ်ဆိုရမည့် ချင်းရိုးရာ ခွါဒိုပွဲတော်ကို ချင်းပြည်နယ် တီးတိန် မြို့တွင် အောက်တိုဘာ ၂၃ ရက်နှင့် ၂၄ ရက် များတွင် ကျင်းပမည်ဟု သိရသည်။
"ပွဲတော်အတွင်း ပြပွဲပြိုင်ပွဲကျင်းပရေး၊ ရိုးရာအက၊ ရိုးရာသီချင်းဖျော်ဖြေရေးအစီအစဉ်၊ ဈေးပွဲတော်၊ ဧည့်ခံကြိုဆိုရေး၊ ကျွေးမွေးရေး စသဖြင့် သူ့ကဏ္ဍအလိုက်ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။ ပြီးခဲ့တဲ့နှစ်ထက် ပိုပြီးစည်ကားအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု သတင်းနှင့် ပြန်ကြားရေးကော်မတီမှ ကိုတွမ်ပီးက ပြောဆိုသည်။
မိုးရာသီကုန်ဆုံးချိန်
နှစ်စဉ်ကျင်းပသည့် ချင်းတိုင်းရင်းသား တို့၏ ရိုးရာပွဲ ၁၈ ပွဲရှိရာ ခွါဒိုပွဲတော်သည် မိုးရာသီကုန်ချိန်တွင် ပထမဆုံးနှင့် အစည် ကားဆုံး ကျင်းပသည့်ပွဲဖြစ်သည်။
"ခွါဒိုပွဲတော်ကို ဟိုလွန်ခဲ့တဲ့ နှစ် ၅၀ ကျော်တုန်းက ကလေးမြို့မှာ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ ချင်းပြည်နယ်မှာတော့ ခွါဒိုပွဲ တော်ကို အခေါ်အဝေါ်အမျိုးမျိုးနဲ့ ကျင်းပ ကြပါတယ်။ ဟားခါးဒေသမှာ "ထို" ပွဲ၊ "ထလိုင် ထာရ်" ပွဲ၊ ဖလမ်းဘက်မှာဖာန်းအာရ်" ပွဲ၊ မတူပီဘက်မှာ "စပ်ယိမ်း" ပွဲ၊ ကန်ပက်လက် ဘက်မှာ "နာမ်ပွေး" ပွဲ၊ မင်းတပ်ဘက်မှာ"ကုန် ကြည်" ပွဲဆိုပြီး သူ့ဒေသအလိုက် ကျင်းပကြ ပါတယ်" ဟု ကလေးဒေသခံတစ်ဦးက ပြောဆို သည်။
















