စစ်ကိုင်းမြို့တွင် ခရီးသည်တင်မှန်လုံယာဉ်နှင့် ကုန်တင်ယာဉ်တိုက်ရာမှ ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းမြို့တွင် ခရီးသည်တင်မှန်လုံယာဉ်နှင့် ကုန်တင်ယာဉ်တိုက်ရာမှ ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းမြို့ ဆွမ်းချက်ရပ်ကွက် ရထားသံလမ်းကူးအနီးတွင် ခရီးသည်တင်မှန်လုံယာဉ်နှင့် ကုန်တင်ယာဉ် တိုက်မှုဖြစ်ပွားခဲ့ရာ ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းမြို့မရဲစခန်းမှ သိရသည် ။ 

ရန်ကုန်ဘက်မှ ခရီးသည်များ တင်ဆောင်မောင်းနှင်လာသော ခရီးသည်တင်မှန်လုံယာဉ်နှင့် မုံရွာမြို့ဘက်မှ - မန္တလေးမြို့ဘက်သို့ မောင်းနှင်းလာသော CANDA အမျိုးအစား ကုန်တင်ယာဉ်တို့သည် အောက်တိုဘာ ၁၃ ရက်နေ့ နံနက် ၄ နာရီခန့်က စစ်ကိုင်း - မုံရွာ - မန္တလေးကားလမ်း စစ်ကိုင်းမြို့ ဆွမ်းချက်ရပ်ကွက်ရှိ သံလမ်းကူးအနီး တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာမှ ခရီးသည်တင်မှန်လုံယာဉ်ပေါ်ပါ ခရီးသည်သုံးဦးအပါအဝင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ စုစုပေါင်း ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းမြို့မ ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။ 
`` စစ်ကိုင်းမြို့ ဆွမ်းချက်ရပ်ကွက် သံလမ်းကူးနားမှာ ဒီနေ့မနက် လေးနာရီ လောက်က ဖြစ်သွားတာပါ။ ယာဉ်မတော် တဆမှုကြောင့် ခရီးသည်တင် မှန်လုံယာဉ်ပေါ်က ခရီးသည် သုံး ဦးနဲ့ ကုန်တင်ယာဉ်ပေါ်က ဒရိုင်ဘာနဲ့ စပယ်ယာတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်။ ကုန်တင်ယာဉ်ပေါ်က ဒရိုင်ဘာနဲ့ စပယ်ယာက ကားခေါင်းထဲမှာ ညပ်နေကြတာမို့ ကျွန်တော်တို့သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ပါတယ်´´ ဟု သွားရောက်ကူညီကယ်ဆယ်ပေးခဲ့သည့် စစ်ကိုင်းမြို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ကိုစိုးမင်းဦးက ဆိုသည် ။ ယာဉ်တိုက်မှု ဖြစ်ပွားရာနေရာသို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း) သုခကာရီကျန်းမာရေးနှင့် လူမှု ကူညီရေးအသင်း စစ်ကိုင်းခရိုင် မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်များနှင့် အခြားလူမှုကယ်ဆယ်ရေးအဖွဲ့များက သွားရောက်၍ ကုန်တင်ယာဉ်ခေါင်း အတွင်း ညပ်နေသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို အသက်ရှင်လျက် ကူညီကယ်ဆယ်နိုင်ခဲ့သည်။ 
ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ခရီးသည်တင်မှန်လုံယာဉ်ပေါ်မှ ခရီးသည်သုံးယောက်နှင့်အတူ စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ(မစိုးရိမ်ရ)ဒဏ်ရာများဖြင့် ဆေးဝါးကုသမှုခံယူနေကြရသည်။ 
ကုန်တင်ယာဉ်မောင်းမှာ (စိုးရိမ်ရ )ဒဏ်ရာ အနေအထားရှိနေသည့်အတွက် မန္တလေးမြို့ ပြည်သူ့ဆေးရုံသို့ ဆက်လက် ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည် ။ အဆိုပါယာဉ်တိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ခရီးသည်တင်မှန်လုံ ယာဉ်မောင်းအား စစ်ကိုင်းမြို့မရဲစခန်းက ယာဉ်(ပ) ၄၆/၂၀၁၈ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၃၇/ ၃၃၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး