နိုင်ငံအချို့၌ မလိုအပ်ဘဲ ဗိုက်ခွဲပြီး ကလေးမွေးဖွားမှုနှုန်း စိုးရိမ်ဖွယ်ပမာဏအထိ မြင့်တက်

နိုင်ငံအချို့၌ မလိုအပ်ဘဲ ဗိုက်ခွဲပြီး ကလေးမွေးဖွားမှုနှုန်း စိုးရိမ်ဖွယ်ပမာဏအထိ မြင့်တက်

ဆရာဝန်များက ကိုယ်ဝန်ဆောင်သည်များအား ဗိုက်ခွဲပြီး ကလေးမွေးဖွားပေးသည့် နှုန်းသည် ၁၅ နှစ်တာကာလအတွင်း နှစ်ဆနီးပါးတိုးမြင့်ခဲ့ပြီး နိုင်ငံအချို့တွင် စိုးရိမ်စရာကောင်းသည့် ပမာဏအထိ မြင့်တက်ခဲ့ကြောင်း လေ့လာမှုတစ်ခုတွင်ဖော်ပြထားသည်။

ဗိုက်ခွဲပြီး ကလေးမွေးဖွားသည့် နှုန်းသည် ၂၀ဝ၀ ပြည့်နှစ်တွင် ၁၆ သန်းရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ၂၉ ဒသမ ၇ သန်းအထိရှိလာခဲ့ကြောင်း လန်ဆက်ဆေးပညာဂျာနယ်၌ ဖော်ပြထားသည့် လေ့လာမှုတွင် ဖော်ပြထားသည်။ ကိုယ်ဝန်ဆောင်သည်များကို ဗိုက်ခွဲပြီး ကလေးမွေးဖွားမှုအမြင့်ဆုံးနိုင်ငံမှာ ဒိုမီနီကန် ရီပတ်ဘလစ်ဖြစ်ပြီး စုစုပေါင်းကလေးမွေးဖွားနှုန်း၏ ၅၁ ဒသမ ၁ ရာခိုင်နှုန်းရှိနေသည်။
    ကလေးမွေးဖွားမှုအများစုတွင် ဗိုက်ခွဲပြီးမွေးရန်မလိုအပ်ဘဲ မွေးဖွားခြင်းဖြစ်ကြောင်း ဆရာဝန်များက ပြောဆိုခဲ့သည်။ ကလေးမွေးဖွားမှုများအနက် ဗိုက်ခွဲပြီးကလေးမွေးဖွားပေးမှုနှုန်း ၁၅ ရာခိ်ုင်နှုန်းပင်လျှင် လွန်လွန်းနေပြီ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့( WHO) ကပြောဆိုခဲ့သည်။
    နိုင်ငံ ၁၆၉ နိုင်ငံရှိ ကလေးမွေးဖွားမှုဆိုင်ရာစာရင်းအင်းများကို လေ့လာမှုတွင် သုံးသပ်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့နိုင်ငံထက်ဝက်ကျော်တွင် ဗိုက်ခွဲပြီး ကလေးမွေးမှုကို အလွန်အမင်းအားကိုးနေကြောင်း လေ့လာမှုတွင်ဖော်ပြထားသည်။ ဘရာဇီး၌ ဆရာဝန်များအနေဖြင့် ကလေးမွေးဖွားရန် အခက်အခဲရှိနေချိန်မှလွဲ၍ ဗိုက်ခွဲကလေးမွေးဖွားခြင်းမပြုရန် ၂၀၁၅ ခုနှစ်တွင် ညွှန်ကြားချက်ထုတ်ပြန်ခဲ့သော်လည်း ဒိုမီနီကန်ရီပတ်ဘလစ်၊ ဘရာဇီး၊ အီဂျစ်နှင့် တူရကီတို့တွင် ဗိုက်ခွဲပြီး ကလေးမွေးဖွားမှုနှုန်းသည် စုစုပေါင်းကလေးမွေးမှုနှုန်း၏ ၅၀ ရာခိုင်နှုန်းကျော်ရှိနေသည်။
    ဗိုက်ခွဲပြီး ကလေးမွေးဖွားမှုနှုန်းနှင့်ပတ်သက်လျှင် လက်တင်အမေရိကနှင့် ကရစ်ဘီယံဒေသများ၌ ၄၄ ရာခိုင်နှုန်းရှိနေပြီး အနောက်နှင့် ဗဟိုအာဖရိကနိုင်ငံများတွင် ၄ ရာခိုင်နှုန်းသာရှိနေကြောင်း ၂၀၁၅ ခုနှစ်အထိရရှိခဲ့သည့် စာရင်းအင်းများအရ သိရသည်။
    မိခင်ဝမ်းဗိုက်ထဲတွင် သန္ဓေသားအနေအထားမမှန်ခြင်း၊ မိခင်လောင်းသည် ကလေးကို ညှစ်ထုတ်ရန် အားအင်ကုန်ခန်းနေခြင်းအစရှိသည့် အခြေအနေများရှိမှသာ အသက်ကယ်သည့်အနေဖြင့် ဗိုက်ခွဲပြီးကလေးမွေးဖွားပေးရန် တိုက်တွန်းမှုများရှိနေသည်။ ဗိုက်ခွဲပြီးကလေးမွေးဖွားသည့်အတွက် မိခင်နှင့်ကလေးအတွက် ရေရှည်နှင့် ရေတို ဆိုးကျိုးများရှိလာနိုင်ကြောင်း၊ ဗိုက်ခွဲမွေးဖွားမှုကြောင့် မိခင်သည် နာလန်ပြန်ထရန် ပိုအချိန်ယူရပြီး ဝမ်းဗိုက်တွင် အမာရွတ်ကျန်ခဲ့ခြင်း၊ အခြားကျန်းမာရေးနောက်ဆက်တွဲဆိုးကျိုးများရှိလာခြင်းတို့ဖြစ်နိုင်ကြောင်း လန်ဒန်တက္ကသိုလ် ကင်းစ်ကောလိပ်မှ လေ့လာမှုတွင်ပါဝင်ခဲ့သည့်  လူမှုသိပ္ပံနှင့် အမျိုးသမီးကျန်းမာရေးဌာနပါမောက္ခ ဂျိန်း ဆန်ဒယ်ကပြောဆိုခဲ့သည်။