တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီအာရေဗျကောင်စစ်ဝန်ရုံးအတွင်း စာရွက်စာတမ်းကိစ္စဆောင်ရွက်ရန် ဝင်ရောက်ခဲ့စဉ် ပျောက်ဆုံးသွားခဲ့သည့် အမေရိကန်အခြေချ ဆော်ဒီဂျာနယ်လစ် ဂျမဲလ်ခါရှောဂီကိစ္စ အဖြစ်မှန်ပေါ်ပေါက်ရေး ဆော်ဒီဘုရင်ထံ တောင်းဆိုပေးမည်ဟု သမ္မတဒေါ်နယ်ထရမ့်က ကတိပြုလိုက်သည်။
ခါရှောဂီသည် ကောင်စစ်ဝန်ရုံးအတွင်း အသတ်ခံခဲ့ရခြင်းသာဖြစ်ကြောင်း တူရကီတို့က ထပ်မံစွပ်စွဲလိုက်စဉ် သမ္မတထရမ့်၏ကတိပြုချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဆော်ဒီဘုရင့်မိသားစုကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သူ၊ ဝါရှင်တန်ပို့စ်ဆောင်းပါးရှင်လည်းဖြစ်သည့် အသက် ၅၉ နှစ်အရွယ် ခါရှောဂီသည် ၄င်း၏တူရကီအမျိုးသမီးချစ်သူနှင့် လက်ထပ်နိုင်ရန် စာရွက်စာတမ်းကိစ္စဆောင်ရွက်ရန် လွန်ခဲ့သည့်တစ်ပတ်ကျော်က အစ္စတန်ဘူလ်ရှိ ကောင်စစ်ဝန်ရုံးတွင်း ဝင်ရောက်ခဲ့ပြီးနောက် ပျောက်ဆုံးခဲ့သည်။
ခါရှောဂီသည် အသံဖမ်းခလုပ်နှိပ်ထားသည့် အက်ပဲလ်လက်ပတ်နာရီကိုပတ်ကာ ဝင်ရောက်ခဲ့ခြင်းကြောင့် ၄င်းနှိပ်စက်သတ်ဖြတ်ခံရပုံသည် မှတ်တမ်းတင်လျက်ဖြစ်ခဲ့ပြီး ရုံးအပြင်တွင်စောင့်နေသည့် ချစ်သူတူရကီအမျိုးသမီးထံ ထားရစ်ခဲ့သည့် အိုင်ဖုန်းနှင့် i Cloud တို့တွင် အသံဖိုင်မှတ်တမ်းကျန်ရစ်ခဲ့ကြောင်း တူရကီသတင်းစာတစ်စောင်က ရေးသားခဲ့သည်။ တူရကီအာဏာပိုင်တို့ကလည်း အသံဖိုင်ရရှိထားကြောင်း ပြောဆိုခဲ့ပြီး ဆော်ဒီကောင်စစ်ဝန်ရုံးတွင်းရှိ အေးဂျင့်တစ်စုက ခါရှောဂီကို နှိပ်စက်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ဆော်ဒီအာဏာပိုင်တို့ကမူ တူရကီ၏စွပ်စွဲချက်သည် အခြေအမြစ်မဲ့စွပ်စွဲမှုဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုသည် ဆော်ဒီကောင်စစ်ဝန်နှင့်အတူ ခါရှောဂီ၏ချစ်သူ တူရကီအမျိုးသမီး ဟာ့တစီ ဆန်းဂီဇ်အား နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အောက်တိုဘာ ၁၃ ရက် လက်ခံတွေ့ဆုံခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး အသေးစိတ်အချက်အလက်များမူ မသိရပေ။

















