ဆီးရီးယား၌ အရပ်သားသေဆုံးမှုကို အမေရိကန်နှင့်ညွန့်ပေါင်းအဖွဲ့က အသိအမှတ်မပြမှု အသက်ရှင်ကျန်ရစ်သူများကို စော်ကားခြင်းဖြစ်ဟုဆို

ဆီးရီးယား၌ အရပ်သားသေဆုံးမှုကို အမေရိကန်နှင့်ညွန့်ပေါင်းအဖွဲ့က အသိအမှတ်မပြမှု အသက်ရှင်ကျန်ရစ်သူများကို စော်ကားခြင်းဖြစ်ဟုဆို

ဆီးရီးယားနိုင်ငံ ရက်ကာမြို့ အိုင်အက်စ်အကြမ်းဖက်အဖွဲ့လက်မှ လွတ်မြောက်ရေးတိုက်ပွဲအတွင်း  အရပ်သားသေဆုံးမှုများကို အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့က အသိအမှတ်မပြုသလို စုံစမ်းစစ်ဆေးခြင်းလည်းမပြုခဲ့သောကြောင့် ယင်းသည် တိုက်ပွဲပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ဆောင်နေသည့် အသက်ရှင်ကျန်ရစ်သူများအား စော်ကားခြင်းသာဖြစ်ကြောင်း နာမည်ကျော်လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က အောက်တိုဘာ ၁၂ ရက်တွင်ပြောဆိုခဲ့သည်။

ရက်ကာတိုက်ပွဲပြီးနောက် ရုပ်အလောင်း ၂၅၂၁ လောင်းကို အပျက်အစီးများအောက်မှ တွေ့ရှိခဲ့ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က လက်ဘနွန်မြို့တော် ဘေရွတ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။ သေဆုံးသူအများစုမှာ ညွန့်ပေါင်းအဖွဲ့၏လေကြောင်းတိုက်စစ်ကြောင့်ဖြစ်သည်။ မြေပြင်ရှိ အသက်ရှင်သူဦးရေထက် မြေအောက်ရှိ ရုပ်အလောင်းပမာဏကပိုမိုများပြားကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာသုတေသနဒါရိုက်တာ အန်နာ နီးစတက်ကပြောဆိုခဲ့သည်။
    အိုင်အက်စ်အကြမ်းဖက်အဖွဲ့လက်ထဲမှ ရက်ကာရှိ ပြည်သူများကို ကယ်တင်ရေးတိုက်ပွဲတွင် လူ့အသက်ကို လုံးဝအလေးမထားသည့် ရန်သူနှင့် တစ်အိမ်တက်ဆင်း၊ တစ်လမ်းဝင်တစ်လမ်းထွက် တိုက်ခိုက်ခဲ့ရကြောင်း၊ အရပ်သားများကိုကယ်တင်နိုင်ရေးသည် အဓိကရည်မှန်းချက်ဖြစ်ပြီး အခြားရွေးချယ်စရာမှာ ရက်ကာရှိ အရပ်သားများအား အိုက်အက်စ်က သတ်ဖြတ်၊ နှိပ်စက်၊ လိင်ပိုင်းအနိုင်ကျင့်နေခြင်းကို ခွင့်ပြုလိုက်ခြင်းသာရှိတော့ကြောင်း အမေရိကန်စစ်တပ်၏ပြောခွင့်ရှိသူ ဗိုလ်မှူး ရှောင် ရိုင်ယန်ကပြောဆိုခဲ့သည်။
    ယခင်က လူဦးရေ ၂၀ဝ၀ဝ၀ ခန့်နေထိုင်ခဲ့သည့် ရက်ကာကို သိမ်းပိုက်နိုင်ရန်အတွက် ညွန့်ပေါင်းအဖွဲ့၏ပစ်ကူဖြင့် ကာ့ဒ်လူမျိုးများဦးဆောင်သော ဆီးရီးယားတပ်များသည် လေးလခန့် ကြိုးပမ်းခဲ့ရသည်။ မြို့တွင်း အိုင်အက်စ်စစ်သွေးကြွများမရှိတော့သည့် ၂၀၁၇ ခုနှစ် အောက်တိုဘာအထိ ညွန့်ပေါင်းအဖွဲ့သည် လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။
    ရက်ကာလွတ်မြောက်ရေးတိုက်ပွဲတွင် ညွန့်ပေါင်းအဖွဲ့သည် အရပ်သားသေဆုံးမှုစာရင်းကို လျှော့ချဖော်ပြခဲ့ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကပြောဆိုခဲ့သည်။ ၂၀၁၇ ခုနှစ် ဇွန်မှ အောက်တိုဘာအတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၇၇ ဦးသေဆုံးခဲ့ကြောင်း အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့က ဇူလိုင်တွင်ပြောဆိုခဲ့သည်။ အမေရိကန်နှင့်မဟာမိတ်များသည် အိုက်အက်စ်အဖွဲ့အား ၂၀၁၄ ခုနှစ်ကတည်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်အဖွဲ့အခြေစိုက်သော ရက်ကာကို သုံးနှစ်အကြာတွင် အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့သည်။