ခင်ပွန်းကို ချစ်ခင်ပြီး ကောလာဟလများကို အလေးမထားကြောင်း မယ်လာနီယာ ထရမ့်ပြောဆို

ခင်ပွန်းကို ချစ်ခင်ပြီး ကောလာဟလများကို အလေးမထားကြောင်း မယ်လာနီယာ ထရမ့်ပြောဆို

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို ချစ်ခင်ပြီး ထရမ့်သည် အပြာမယ်တစ်ဦးနှင့် ဖောက်ပြန်ခဲ့သည်ဆိုသည့် ပြောဆိုမှုနှင့်ပတ်သက်၍ ပူပန်ခြင်းမရှိဘဲ ယင်းထက်ပိုမိုအရေးကြီးသော ကိစ္စရပ်များကိုသာ အာရုံစိုက်ထားကြောင်း အမေရိကန်သမ္မတကတော် မယ်လာနီယာ ထရမ့်က လွန်ခဲ့သောအပတ် အာဖရိကခရီးစဉ်အတွင်း အေဘီစီသတင်းဌာနနှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုခဲ့သည်။

လူများသည် ၎င်း၏အိမ်ထောင်ရေးနှင့်ပတ်သက်၍ ကောလာဟလဖြန့်နေခြင်းသာဖြစ်ကြောင်း မစ္စထရမ့်က ပြောဆိုခဲ့သည်။ လူတွေက သို့လောသို့လောပြောချင်ကြတယ်၊ မီဒီယာကလည်း ကျွန်မတို့ရဲ့ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ထင်ယောင်ထင်မှားတွေ ဖော်ပြပြီး ကောလာဟလကို ဖြန့်ချင်ကြတယ်၊ ဒါပေမဲ့ အတင်းအဖျင်းကြောင့် သတင်းစာတွေ၊ မဂ္ဂဇင်းတွေ ရောင်းကောင်းတယ်ဆိုတာကို နားလည်ပါတယ်၊ စိတ်မကောင်းစရာက အတင်းအဖျင်းကိုစိတ်ဝင်စားတဲ့ ကမ္ဘာမှာ နေထိ်ုင်နေရတာပဲ ဟု မစ္စထရမ့်က ပြောဆိုခဲ့သည်။
    ခင်ပွန်းဖြစ်သူ လူမှုရေးဖောက်ပြန်ခဲ့ကြောင်း ပြောဆိုမှုများနှင့်ပတ်သက်၍ ပူပန်မှုမရှိကြောင်း ၎င်းကပြောဆိုခဲ့သည်။ အမျိုးသမီးများကို လိင်ပိုင်းထိကပါးရိကပါးလုပ်ခဲ့ပြီး လိင်ဆက်ဆံရန်ကြိုးပမ်းနေကြောင်း ထရမ့်က ပြောဆိုနေပုံကို မှတ်တမ်းတင်ထားသည့် အသံဖိုင်တစ်ခု ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲကာလအတွင်း ထွက်ပေါ်လာခဲ့သည်။ လွန်ခဲ့သော နှစ်များစွာအကြာက ထရမ့်နှင့် လိင်ဆက်ဆံခဲ့ဖူးကြောင်း အပြာမယ် စတော်မီ ဒယ်နီယယ်စ်နှင့် ပလေးဘွိုင်းအလှမယ် ကာရင် မက်ဒိုဂယ်တို့က ပြောဆိုခဲ့ကြသည်။
    ခင်ပွန်းဖြစ်သူကို ချစ်မချစ်ကို မေးမြန်းခဲ့ရာ မစ္စထရမ့်က ချစ်ကြောင်း ပြောဆိုခဲ့သည်။ ခင်ပွန်းဖြစ်သူ ဖောက်ပြန်နေကြောင်း စွပ်စွဲမှုများကြောင့် အိမ်ထောင်ရေးထိခိုက်နေပြီဖြစ်ကြောင်း ပြောဆိုမှုများနှင့်ပတ်သက်၍ မယ်လာနီယာက ကျွန်မက မိခင်တစ်ဦးဖြစ်သလို သမ္မတကတော်လည်း ဖြစ်တယ်၊ အဲ့ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ပူပန်မနေပါဘူး၊ အခြားအရေးကြီးတဲ့လုပ်စရာတွေ အများကြီးပါ ဟု ပြောဆိုခဲ့သည်။
    မိဘများနှင့် ခွဲခွာနေရသည့် ရွှေ့ပြောင်းကလေးငယ်များနှင့်တွေ့ဆုံရန် နယ်စပ်သို့အသွားတွင် အင်္ကျီနောက်ကျောတွင် ဂရုမစိုက်ဘူး ဟု ရေးထားသည့် ဂျက်ကတ်အင်္ကျီကိုဝတ်ဆင်ခဲ့မှုနှင့်ပတ်သက်၍ မေးမြန်းသည့်အခါ ဂျက်ကတ်အင်္ကျီကို လေယာဉ်ပေါ်သို့ တက်သည့်အချိန်နှင့် ဆင်းသည့်အချိန်တို့တွင်သာ ဝတ်ဆင်ခဲ့ခြင်းဖြစ်ပြီး ကလေးများနှင့်တွေ့ဆုံချိန်တွင် မဝတ်ခဲ့ကြောင်း ပြောဆိုခဲ့သည်။