တူရကီကိုဆန့်ကျင်သည့် အကြမ်းဖက်အုပ်စုနှင့် ဆက်သွယ်ကြောင်း စွပ်စွဲခံရပြီး တူရကီနိုင်ငံတွင် ထောင်သုံးနှစ် ချမှတ်ခံခဲ့ရသည့် အမေရိကန်သင်းအုပ်ဆရာ အန်ဒရူးဘရွန်ဆန်သည် နှစ်နှစ်ကြာ ထိန်းသိမ်းခံခဲ့ရပြီးနောက် တူရကီ တရားရုံးတစ်ရုံးက ၄င်းအားလွှတ်ပေးရန် အမိန့်ချမှတ်ခဲ့၍ အောက်တိုဘာ ၁၂ ရက်တွင် ၄င်း၏ဇနီးသည်နှင့်အတူ လွတ်မြောက်လာပြီဖြစ်သည်။
ဘရွန်ဆန်သည် ဂျာမနီရှိ ရမ်စတိန်းလေတပ်စခန်းသို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာကြောင်း အောက်တိုဘာ ၁၂ ရက်ညပိုင်းတွင် အမေရိကန်အရာရှိကြီးတစ်ဦးက ပြောဆိုခဲ့သည်။ ၄င်းသည် ဂျာမနီမှတစ်ဆင့် အမေရိကန် ပြည်ထောင်စုသို့ ဆက်လက်ထွက်ခွာမည်ဖြစ်ပြီး သမ္မတထရမ့်က ဘရွန်ဆန်ကို လက်ခံတွေ့ဆုံမည်ဖြစ်ကြောင်း ပြောဆိုထားသည်။
မြောက်ကာရိုလိုင်းနားဇာတိဖွား ဘရွန်ဆန်သည် တူရကီသမ္မတ ရီဆက်တေးရစ်အာဒိုဂမ်ကို အာဏာသိမ်းရန် ကြိုးပမ်းသူများအား ကူညီမှုဖြင့် တူရကီအစိုးရက ထောင်သုံးနှစ်ချမှတ်ခဲ့ပြီး ထိန်းသိမ်းထားသည်မှာ နှစ်နှစ်နီးပါး ရှိခဲ့ပြီဖြစ်သည်။ သူလျှိုမှုဖြင့်လည်း စွဲချက်တင်ခံခဲ့ရပြီးမှ ယင်းစွဲချက်ကို ပြန်လည်ပယ်ဖျက်ပေးခံရသည့် ဘရွန်ဆန်သည် တူရကီတွင် ၂၃ နှစ်နေထိုင်ခဲ့ပြီး ဇနီးသည်နှင့် ကလေးသုံးဦးရှိသည်။
ဘရွန်ဆန်အမှုအတွက် တူရကီနှင့် အမေရိကန်အကြား ဆက်ဆံရေး မကြည်မသာဖြစ်ခဲ့ရပြီး သမ္မတထရမ့်က ၄င်းတိုု့အစိုးရ၏ ဘာသာရေးလွတ်လပ်ခွင့်မြှင့်တင်စေမှုကြောင့် ဘရွန်ဆန်အမှုဖြစ်ပွားရကြောင်း ကာကွယ်ပြောဆိုခဲ့ရာ ဆက်ဆံရေး ပိုတင်းမာခဲ့ရသည်။
ဘရွန်ဆန်လွတ်မြောက်ရေး အထူးကြိုးပမ်းလုပ်ကိုင်ခဲ့ကြောင်း ထရမ့်က တွစ်တာတွင်ရေးသားခဲ့ရာ တူရကီတို့က ထရမ့်နှင့်ညှိနှိုင်းမှုမရှိကြောင်း ဘရွန်ဆန်သည် ထိန်းသိမ်းခံကာလအတွင်း ကောင်းမွန်စွာနေထိုင်ခဲ့ခြင်းကြောင့် လွှတ်ပေးရန် ရုံးတော်ကဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

















