အီတလီအစိုးရ၏ပညာရေးအသုံးစရိတ်လျှော့ချမည့် အစီအစဉ်ကို ကျောင်းသားများ ဆန့်ကျင်ဆန္ဒပြခဲ့

အီတလီအစိုးရ၏ပညာရေးအသုံးစရိတ်လျှော့ချမည့် အစီအစဉ်ကို ကျောင်းသားများ ဆန့်ကျင်ဆန္ဒပြခဲ့

အီတလီအစိုးရ၏ ပညာရေးအတွက် လျာထားသည့်အသုံးစရိတ်ကို ဆန့်ကျင်သည့်အနေဖြင့် နိုင်ငံတစ်ဝန်း၌ အောက်တိုဘာ ၁၂ ရက်တွင် ကျောင်းသားများသည် ချီတက်ဆန္ဒပြမှုများကို ပြုလုပ်ခဲ့သည်။

ရောမရှိ ပညာရေးဝန်ကြီးဌာန အဆောက်အအုံရှေ့တွင် ကျောင်းသား ၃၀ဝ၀ ခန့် ဆန္ဒပြမှုအပြင် နိုင်ငံတစ်ဝန်းရှိ မြို့ ၅၀ ခန့်တွင် ချီတက်ဆန္ဒပြမှုများရှိခဲ့သည်။ နိုင်ငံမြောက်ပိုင်း တုရင်မြို့၌လည်း ကျောင်းသား ရာပေါင်းများစွာစုဝေးပြီး ဒုတိယဝန်ကြီးချုပ်များဖြစ်သည့် မတ်တီယို ဆယ်လ်ဗီနီနှင့် လူဂီ ဒီမာရီယိုတို့၏ ပုံတူရုပ်တုများကိုု မီးရှို့ဖျက်ဆီးခဲ့သည်။
    ကျောင်းသားများ၏တောင်းဆိုမှုကို ပညာရေးဝန်ကြီးဌာနက လက်ခံခြင်းမရှိခဲ့ကြောင်း ကျောင်းသားခေါင်းဆောင်တစ်ဦးက ရေဒီယို ၂၄ သို့ပြောဆိုခဲ့သည်။ အသုံးစရိတ်ချွေတာမည်ဟု ပြောဆိုပြီး ပညာရေးနယ်ပယ်တွင် အသုံးစရိတ်လျှော့ချခြင်းကို ဆန့်ကျင်ပါကြောင်း ကျောင်းသားခေါင်းဆောင် ရီယမ်မာခရို မန်ဖရဲဒါက ပြောဆိုခဲ့သည်။ အစိုးရသည် အပြောင်းအလဲပြုလုပ်ရမည်ကို မစိုးရိမ်ပါက ပညာရေးတွင် ရင်းနှီးမြှုပ်နှံသင့်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
    ဖတ်စာအုပ်များအတွက် ရန်ပုံငွေမထုတ်ပေးခြင်း၊ သယ်ယူပို့ဆောင်ရေးစနစ်မရှိခြင်းနှင့် စာသင်ကျောင်းအဆောက်အအုံများကိုပြင်ဆင်မှုမရှိခြင်းတို့နှင့်ပတ်သက်၍ ကျောင်းသားများကပြောဆိုခဲ့သည်။ ထို့ပြင် အီတလီတွင် နိုင်ငံခြားသားများမှ မွေးဖွားသည့် ကလေးငယ်များအား အသက် ၁၈ နှစ်ပြည့်မှ နိုင်ငံသားဖြစ်ခွင့်လျှောက်ထားခွင့်ပေးခြင်းထက် မွေးမွေးချင်းနိုင်ငံသားဖြစ်ခွင့်ပေးရန်တို့ကိုလည်း ကျောင်းသားများက တောင်းဆိုခဲ့သည်။
    လမ်းမများပေါ်တွင် ပုံတူရုပ်တုများကို မီးရှို့ခြင်းသည် စက်ဆုတ်စရာကောင်းကြောင်း၊ လှုပ်ရှားမှုအဖွဲ့များနှင့် ပါမောက္ခတချို့၏အားပေးအားမြှောက်လုပ်ခံရသည့် ဒီမိုကရေစီကျောင်းသားများသည် ပြည်သူ့နီတိသင်ခန်းစာများကို သင်ယူရန် လိုအပ်နေကြောင်း ဆယ်ဗီနီက တွစ်တာ၌ ရေးသားခဲ့သည်။
    ဝန်ကြီးဌာန၏တံခါးများကို ဖွင့်ထားသောကြောင့် အချိန်မရွေးဆွေးနွေးနိုင်ကြောင်း စီးပွားရေးဖွံ့ဖြိုးမှုနှင့် အလုပ်သမားရေးရာဝန်ကြီး ဒီ မာရီယိုကပြောဆိုခဲ့သည်။ ပင်စင်ပြုပြင်ပြောင်းလဲရေးစနစ်အတွက် ငွေထုတ်ပေးရန်၊ အလုပ်ရှာဖွေနေသူများအား ပုံမှန်လစာပေးထားရန်နှင့် အခွန်လျှော့ချကောက်ခံရန်တို့အပါအဝင် အစိုးရ၏အသုံးစရိတ်အစီအစဉ်ကို လွှတ်တော်က ထောက်ခံခဲ့ပြီးဖြစ်သည်။
    အသုံးစရိတ်တိုးမြှင့်မှုကြောင့် လိုငွေပြမှုသည် ဂျီဒီပီ၏ ၂ ဒသမ ၄ ရာခိုင်နှုန်းအထိရှိသွားမည်ဖြစ်ကြောင်း အစိုးရက ခန့်မှန်းထားသည်။