ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့်ဘောလုံးရာသီတွင် နိုင်ငံခြားသားကစားသမားအပြောင်းအလဲ ပြုလုပ်မည်ဟု သိရပြီး အငှားချထားသည့် ကစားသမားနှစ်ဦးကိုလည်း ပြန်လည်ခေါ်ယူမည်ဟု အသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်းက ထုတ်ဖော်ပြောဆိုခဲ့သည်။
ဆုံးဖြတ်ခဲ့
နေရှင်နယ်လိဂ်နှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းချန်ပီယံဆုတို့ကို တစ်နှစ်တည်းဆွတ်ခူးနိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့်ဘောလုံးရာသီ၌ အာရှချန်ပီယံလိဂ်ပြိုင်ပွဲကို ပထမအဆင့်ခြေစစ်ပွဲမှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် အာရှအဆင့်ပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိရန်အတွက် နိုင်ငံခြားသားကစားသမားအင်အား အပြာင်းအလဲပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ရည်မှန်းချက်
" အာရှချန်ပီယံလိဂ်ကို ယှဉ်ပြိုင်ခွင့်ရတယ်ဆိုပေမယ့် ကျွန်တော်ရဲ့အဓိက ရည်မှန်းချက်က အေအက်ဖ်စီပြိုင်ပွဲမှာ အောင်မြင်မှုရဖို့ပါပဲ။ အဲဒီအတွက်လည်း ပြင်ဆင်မှုတွေလုပ်သွားမှာပါ။ အသင်းမှာရှိတဲ့ နိုင်ငံခြားသားကစားသမား လေးဦးထဲက တစ်ချို့ကို အပြောင်းအလဲလုပ်သွားမယ်။ ဘယ်သူတွေလဲဆိုတာတော့ ခုအချိန်မှာ ကျွန်တော်မပြောနိုင်သေးပါဘူး။ သေချာတာနဲ့ ကျွန်တော်တို့ဘက်က သတင်းထုတ်ပြန်ပေးသွားမှာပါ" ဟု ဦးမျိုးမင်းထွန်းက ပြောဆိုခဲ့သည်။
ပြန်လည်ခေါ်ယူမည်
ထို့ပြင် ပြီးခဲ့သည့်ရာသီက ချင်းရွိုင်းယူနိုက်တက်သို့ အငှားချထားသည့် တိုက်စစ်မှူး ကျော်ကိုကိုအား ထိုင်းကလပ်မှ စာချုပ်သက်တမ်းမတိုးပါက ပြန်လည်ခေါ်ယူမည်ဟု ပြောဆိုခဲ့သည်။















