ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် အမိုနီယမ်နိုက်ထရိတ်အိတ်များ တရားမဝင်သယ်ဆောင်လာသူ ယာဉ်မောင်းကို သက်ဆိုင်ရာက အောက်တိုဘာ ၁၃ ရက်နေ့တွင် အမှုဖွင့် အရေးယူထားသည်။
အဆိုပါနေ့ မွန်းလွဲ ၁ နာရီ အချိန်ခန့်တွင် ကချင်ပြည်နယ် မိုးညှင်းခရိုင် ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုကားလမ်းမပေါ် နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မန္တလေးဘက်မှမောင်းနှင်လာသည့် နစ်ဆန်းဒီဇယ်ယာဉ်ကို သက်ဆိုင်ရာက စစ်ဆေးခဲ့သည်။ အဆိုပါ ၁၂ ဘီး ကုန်တင်ယာဉ်ပေါ်တွင် ဘိလပ်မြေအိတ် ၄၀ ခန့်ဖြင့်ထုတ်ပိုးထားသည့် အမိုနီယမ်နိုက်ထရိတ် ၁၆၀ဝ၀ ကီလိုဂရမ် တရားမဝင်သယ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။
ထို့ကြောင့် အဆိုပါကားကိုမောင်းနှင်သူ ရေနံချောင်းမြို့နယ်နေ ဝင်းလှိုင်(ခ)စိန်ဝင်းမြိုင်(၃၅)နှစ်အား အရေးယူပေးရန် တိုင်ကြားခဲ့ပြီး မိုးညှင်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားသည်။

















