စိတ်ကြွဆေးပြားဖမ်းဆီးစဉ် သေနတ်နှင့်ကျည်များတွေ့ရှိ

စိတ်ကြွဆေးပြားဖမ်းဆီးစဉ် သေနတ်နှင့်ကျည်များတွေ့ရှိ

ကော့ကရိတ်မြို့နယ်တွင် စိတ်ကြွဆေးပြားဖမ်းဆီးစဉ် သေနတ်နှင့်ကျည်များတွေ့ရှိခဲ့မှုကို သက်ဆိုင်ရာ က အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ 

အောက်တိုဘာလ ၁၂ ရက် မွန်းလွဲ၂ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ကော့ကရိတ်မြို့နယ်၊ တံတားကျိုးကျေးရွာနေ ဒေါ်နန်းမိုး(၄၃)နှစ်၏ နေအိမ်ကို မူးယစ်သတင်းအရ ကော့ကရိတ်မြို့မ ရဲစခန်းမှူး ဒုရဲမှူး ထူးအောင်ရွှေ အဖွဲ့က ဝင်ရောက်ရှာဖွေခဲ့သည်။ 
အဆိုပါနေအိမ်တွင် ဒေါ်နန်းမိုးကို မတွေ့ရှိဘဲ ၄င်း၏သမက်ဖြစ်သူ ဘိုဘိုငြိမ်း(၂၃)နှစ်ကိုတွေ့ရှိခဲ့ပြီး ၎င်းအိပ်ခန်း အတွင်းမှ အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား၄၃ ပြားနှင့် MA 3 သေနတ် ၁ လက်၊ ၅.၅၆ ကျည် ၁၅ တောင့်၊ ကျည်ဘောက် ၁ ခုတို့အား သိမ်းဆည်းရမိခဲ့သည်။ သေနတ်နှင့်ပတ်သက်၍ မေးမြန်းရာ လွန်ခဲ့သော ၃ နှစ်ခန့်က ကော့ကရိတ်မြို့၊ တံတားကျိုး ကျေးရွာနေ အမည်မသိကရင်အမျိုးသားတစ်ဦးထံမှ ငွေကျပ် ၂၅ သိန်းဖြင့် ဝယ်ယူခဲ့ကြောင်း သိရှိ ရသဖြင့်ဘိုဘိုငြိမ်း(ဖမ်းမိ)နှင့်ဒေါ်နန်းမိုး(စုံစမ်းဆဲ) တို့ ၂ ဦးကို ကော့ကရိတ်မြို့မရဲစခန်းက မူးယစ်(ပ)၃၀/၁၈၊ မူးယစ်ဥပဒေပုဒ်မ ၁၉(က)/၂၁ အရလည်းကောင်း၊ ဘိုဘိုငြိမ်းကို ကော့ကရိတ်မြို့ မရဲစခန်းက (ပ)၃၉၂/၁၈၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)အရ လည်းကောင်း အသီးသီး အမှုဖွင့်စစ်ဆေးလျက်ရှိသည်။