နိုဝင်ဘာနှင့် ဒီဇင်ဘာ၌ အယ်လ်နီညိုဖြစ်ရန် ၇၀ ရာခိုင်နှုန်းရှိနေဟု ဆို

နိုဝင်ဘာနှင့် ဒီဇင်ဘာ၌ အယ်လ်နီညိုဖြစ်ရန် ၇၀ ရာခိုင်နှုန်းရှိနေဟု ဆို

၂၀၁၈ ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာ၌ အယ်လ်နီညိုဖြစ်လာနိုင်ရန် ၇၀ ရာခိုင်နှုန်းရှိနေပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက အောက်တိုဘာ ၁၄ ရက်၌ ပြောဆိုသည်။ 

" ဒီနှစ်က အယ်လ်နီညိုဖြစ်နိုင်ဖို့ ရာခိုင်နှုန်းကလဲ ၇၀ ရာခိုင်နှုန်းရှိနေပါတယ် ။ အီကွေတာအနီး ပစိဖိတ်အရှေ့အလယ်ပိုင်းမှာ ပင်လယ်ပြင်မျက်နှာပြင်အပူချိန်က ပုံမှန်ထက်ကို အနည်းငယ်ပို နေ တယ်။နိုင်ငံတကာ မိုးလေဝသဌာနတွေရဲ့ ခန့်မှန်းချက်တွေကတော့ နိုဝင်ဘာ ၊ ဒီဇင်ဘာလထဲ ရောက်လာရင်တော့ အယ်လ်နီညိုဖြစ်လာနိုင်တဲ့ ရာခိုင်နှုန်းက ၆၇ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းထိ မြင့်တက်လာနိုင်တယ်ဆိုပြီးတော့ ပြောထားတယ် " ဟု ၎င်းက ပြောသည်။ 
ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်လေ့ရှိသော အယ်လ်နီညိုရာသီဥတု စောင့်ကြည့်ရေးအဖွဲ့ (NOAA,USA)၏ထုတ်ပြန်ချက်အရ အယ်လ်နီညိုရာသီဥတုအခြေအနေစောင့်ကြည့်ရန်သတ်မှတ်ထားသောပစိဖိတ်သမုဒ္ဒရာ အရှေ့ပိုင်း အီကွေတာတစ်လျှောက်ရှိ Nino-1, Nino-2, Nino-3, Nino-4 ဧရိယာ(၄)ခုလုံးတွင် ပင်လယ်ရေမျက်နှာပြင်အပူချိန် ပုံမှန်မှကွာခြားမှု(SSTA) တန်ဖိုးများမှာ ဝ ဒသမ ၇ ဒီဂရီစင်တီဂရိတ်မှ ဝ ဒသမ ၈ ဒီဂရီစင်တီဂရိတ် ခန့်ရှိနေကြသည်ကို တွေ့ရှိရသည်ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ၎င်း၏လူမူကွန်ရက်စာမျက်နှာမှတစ်ဆင့်ပြောဆိုထားသည်။ 
အယ်လ်နီညိုဖြစ်ရန် ပင်လယ်ရေမျက်နှာပြင်အပူချိန် ပုံမှန်မှကွာခြားမှု(SSTA) အနည်းဆုံး တန်ဖိုးမှာ ဝ ဒသမ ၅ ဒီဂရီစင်တီဂရိတ် ဖြစ်သဖြင့်၊ Nino ဧရိယာ(၄) ခု လုံးတွင် အယ်လ်နီညို ရာသီဥတုဖြစ်စဉ် ရာနှုန်းပြည့်ဖြစ်နေပြီဟု ဆိုနိုင်သောကြောင့် ယခုတန်ဖိုးများ ဆက်လက် ဖြစ်ပေါ်နေပါက ၂၀၁၈-၁၉ အယ်လ်နီညိုဖြစ်စဉ် တရားဝင်စတင်ပြီဟု ဆိုနိုင်ကြောင်းလည်း ဒေါက်တာထွန်းလွင်က ပြောဆိုထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး