စစ်ကိုင်းမြို့နယ် ကျောက်တာကျေးရွာတွင် အောက်တိုဘာ ၁၃ ရက်နေ့မွန်းလွဲ ၂ နာရီအချိန်ခန့်က လေဆင်နှာမောင်း တိုက်ခတ်ခဲ့မှုကြောင့် ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းအတွင်းရှိ ကျောင်းရုံးခန်းအဆောက်အဦနှင့် ကျေးရွာအတွင်းရှိ နေအိမ် ၁၄ လုံးပျက်စီးခဲ့သည်။ထို့ပြင် သက်တမ်းရင့်သစ်ပင်အချို့ပြိုလဲပြီး သုုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည် ။
`` လေဆင်နှာမောင်းတိုက်ခတ်ခဲ့တဲ့အတွက် လူနေအိမ် ၁၄လုံးပြိုကျ ပျက်စီးပြီးသက်တမ်းရင့်သစ်ပင်ကြီး ၂၀ ကျော်ပြိုလဲသွားတယ်။ ကျေးရွာအလယ်တန်းကျောင်း အမိုးလန်ပျက်စီးပြီး ဆရာမတစ်ဦး ခေါင်းထိခိုက်ဒဏ်ရာရသွားတယ်။ ကျောင်းသားနှစ်ဦးရော ထိခိုက်ဒဏ်ရာရခဲ့တဲ့အတွက် သူတို့ကို တော့ စစ်ကိုင်းဆေးရုံကို ပို့ထားပါတယ်။ လူသေဆုံးမှုတော့မရှိပါဘူး။ ခု အပျက်အစီးစာရင်းအကုန်သိရအောင်လို့ စာရင်းကောက်ယူနေပါတယ် ´´ ဟု ကျောက်တာကျေးရွာအုပ်ချုပ်ရေးမှူး ဦးရန်အောင်စိုးက ပြောသည် ။ နယ်မြေခံတပ်မတော်သားများ၊ စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့(စစ်ကိုင်း) သုခကာရီအသင်းအဖွဲ့ဝင်များနှင့် ရွှေစေတနာပရဟိတအသင်းဝင်များက ပြိုကျပျက်စီးသွားခဲ့သည့် လူနေအိမ်များနှင့် သစ်ပင်များကို ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျောက်တာကျေးရွာသည် စစ်ကိုင်းမြို့နယ် စစ်ကိုင်းတောင်ရိုးနှင့် မင်းဝံတောင်ရိုးအကြားတွင် တည်ရှိပြီး အိမ်ခြေ ၇၄ဝ ကျော်ရှိကာ ကျောက်ပြင်လုပ်ငန်း ပရိဘောဂလုပ်ငန်း စက်ယက်ကန်းလုပ်ငန်းများအများဆုံးလုပ်ကိုင်သောကျေးရွာဖြစ်ကြောင်း သိရသည်။
















